close

နယ်ဝေးဧည့်သည်

close

April 1, 2023

နေပြည်တော်နယ်မြေရှိ တိုင်းရင်းသားကျေးရွာစုပေါင်းအလှူပွဲကို နယ်ဝေးဧည့်သည်များမလာရန် စစ်ကောင်စီတားမြစ်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ တိုင်းရင်းသား ကျေးရွာ ၃ ရွာစုပေါင်းပြီး အလှူပွဲပြုလုပ်ရာမှာ နယ်ဝေးက ဧည့်သည်တွေကို လုံးဝ လာခွင့်မရှိကြောင်း စစ်ကောင်စီတပ်ရဲ့ နယ်မြေခံ ခမရ ၆၀၆ တပ်ရင်းက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေစုပေါင်းပြီးတော့ ကျောင်းရေစက်ချ၊ ရဟန်းခံရှင်ပြုနဲ့ နားသမင်္ဂလာအလှူပွဲကို နယ်ဝေးကဧည့်သည်တွေမလာဖို့ စစ်တပ်က လာပြောသွားတာကြောင့် ရပ်ဝေးက ဧည့်သည်တွေကို အလှူဖိတ်ချင်ပေမဲ့ ဖိတ်လို့မရတော့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီကျေးရွာတွေကိုရောက်ရှိဖို့ ခမရ ၆၀၆ တပ်ရင်း စခန်းချထားတဲ့ ဂိတ်အသီးသီးကို ဖြတ်ရပြီး အဲဒီထဲက ဝေသာလီဂိတ် ကျေးရွာအဝင်ဂိတ်က အဆိုးဆုံးဖြစ်ကာ ဒီအတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင်တော့ ပြဿနာတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ တခါတလေ တောင်ယာထဲကိုသွားရင်လည်း တားမြစ်ပိတ်ပင်ပြီး လက်နက်ပြ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။

အဲဒီလို ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ တပ်ရင်းရဲ့ အထက်လူကြီးကို တိုင်ကြားရင်လည်း တပ်အောက်ခြေကလူတွေက ကျေးရွာတာဝန်ရှိသူတွေကို ခေါ်ယူပြီး ကြမ်းကြမ်းတမ်းတမ်း သတိပေးပြောဆိုမှုတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အဲဒီဒေသတွေမှာ ကရင်၊ ကယန်းနဲ့ ပအိုးဝ်တိုင်းရင်းသားတွေ နေ‌ထိုင်‌ကြပြီး ကျေးရွာတရွာကို အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

5 mins Ago
Up