စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ခွဲ၊ ပန်ဆောင်မြို့နယ်က နာဂကျေးရွာတွေမှာ ဝင်ငွေရ ချဥ်ပေါင်ဖာလာ ခေါ် အယ်လာဂျီသီးတွေဟာ အခုနှစ်မှာ ရာသီဥတု အခြေအနေကြောင့် သီးနှံ ဖြစ်ထွန်းမှု မရှိလို့ စိုက်ပျိုးသူတွေ စိုးရိမ်မှုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အားကိုးရတဲ့ဝင်ငွေရတဲ့ အယ်လာဂျီပင်တွေကိုလည်း နာဂတိုင်းရင်းသားတွေက အိမ်နီးနားအနည်းအကျဥ်း စိုက်ပျိုးပြီး အများဆုံး ၂ ဧက လောက်ပဲ စိုက်တတ်ကြတာလို့ သိရပြီး ဒီနှစ်မှာ ရာသီဥတု ပူးပြင်း ခြောက်သွေ့ကာ သီးနှံ မဖြစ်ထွန်းတာမို့ တောင်သူတွေ စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ နယ်စပ်လမ်းတွေ ပိတ်ထားလို့ ချဥ်ပေါင်ဖာလာတွေ အိန္ဒိယကို တင်ပို့ခွင့် မရတာကြောင့် အရှုံးပေါ်ခဲ့တာဖြစ်ပါတယ်။
အယ်လာဂျီရောင်းဝယ်သူ တဦးက ဒေသခံ တဦးက "မနှစ်က နယ်စပ်လမ်းမဖွင့်တော့ အယ်လာဂျီတွေ အကုန်အောင်းထားရင်း ပုပ်ကုန်တယ်” လို့ ဆိုပါတယ်။
ဒေသခံဘာသာရေးခေါင်းဆောင် တဦးကလည်း "မိုးရာသီမှာ ကြပ်ခိုးတင် အခြောက်ခံရတာ။ တစ်ကီလိုကို အိန္ဒိယငွေ ၆၀၀ ထိရတယ်။ မနှစ်က အရှုံးပေါ်ရတဲ့ကြား ဒီနှစ်သိပ် အပင်တွေကအားရစရာမရှိတော့ ဆန်စျေးကကောင်းတော့ စပါးမပေါ်ခင် တော်တော်လည်း ကျပ်တည်းကြမှာပဲ" လို့ ပြောပါတယ်။
ချဥ်ပေါင်ဖာလာတွေကို အိန္ဒိယနိုင်ငံဆီ အရင်နှစ်တွေဆို နယ်စပ်လမ်းကနေ တင်ပို့ခွင့်ရတာကြောင့် အယ်လာဂျီက ပန်ဆောင်မြို့နယ်ထဲက နာဂကျေးရွာတွေရဲ့အဓိကဝင်ငွေရလုပ်ငန်းတခု ဖြစ်ခဲ့ပါတယ်။