နာဂါဆကီမြို့တော်မှာ လူပေါင်း ၇၅,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဏုမြူဗုံးကြဲချခံရမှု ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ် ၉ ရက်က ပြုလုပ်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခိရှိဒါ့ဟာ တက်ရောက်ဂါရဝပြုခဲ့ပါတယ်။
ဂျပန်နိုင်ငံရေးသမားတွေ၊ ပြည်တွင်းခေါင်းဆောင်တွေနဲ့ နိုင်ငံခြား ဂုဏ်သရေရှိပုဂ္ဂိုလ်တွေ အပါအဝင် ပရိသတ်ကို မိန့်ခွန်းပြောရာမှာ နျူကလီးယား ပေါက်ကွဲမှုမှာ သေဆုံးခဲ့ရသူတွေနဲ့ နျူကလီးယားရဲ့ ဆိုးကျိုးကို ခံစားရပြီး အသက်ရှင်ကျန်ရစ်သူတွေကို စာနာကရုဏာပြုကြောင်း ပြောကြားခဲ့ပါတယ်။
“ခက်ခဲကြမ်းတမ်းပေမဲ့ ကျနော်တို့နိုင်ငံဟာ နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကို လျှောက်လှမ်းနေပြီး အဲဒီအတွက် ဂျပန်နိုင်ငံဟာ သူ့ရဲ့ နျူကလီးယားကင်းစင်ရေး မူကြီးသုံးရပ်ကို လိုက်နာနေပါတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
“ဂျပန်နိုင်ငံဟာ လက်ရှိအချိန်မှာ စိန်ခေါ်မှုရှိနေတဲ့ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကို နျူကလီးယားလက်နက်တွေ မရှိတဲ့ ကျနော်တို့ရဲ့ စံပြကမ္ဘာကြီးနဲ့ ချိတ်ဆက်နိုင်ဖို့ အားထုတ်လုပ်ဆောင်သွားမယ်” လို့လည်း ဆိုပါတယ်။
နာဂါဆကီ အဏုမြူဗုံးကြဲချမှုဟာ ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်က ဟီရိုရှီးမားမြို့မှာ B-29 အမေရိကန် ဗုံးကြဲလေယာဉ်ကနေ ကမ္ဘာ့ပထမဆုံး နျူကလီးယားတိုက်ခိုက်မှု လုပ်အပြီး ၃ ရက်အကြာမှာ ဩဂုတ် ၉ ရက်နေ့ ဖြစ်ပွားခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေ လူဦးရေ ၃ သိန်းခွဲလောက်ရှိတဲ့မြို့မှာ လူပေါင်း ၁ သိန်း ၄ သောင်းလောက် သေဆုံးခဲ့ရပြီး နောက်ပိုင်းမှာလည်း ဒဏ်ရာတွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ ရောဂါဝေဒနာတွေကြောင့် လူပေါင်းထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။