ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသက်သာလာသူတွေမှာ နောက်ဆက်တွဲ နာတာရှည်ရောဂါလက္ခဏာတွေ ထပ်မံဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ ရှိနေတယ်လို့ ထိုင်းနိုင်ငံ ဆီရီရာ့ဂျ်ဆေးရုံ ဆေးပညာဌာနအကြီးအကဲ ဒေါက်တာ ပရာဆစ် ဝပ်ထနာပါက ပြောပါတယ်။
အဆိုပါ နောက်ဆက်တွဲရောဂါခံစားရတဲ့ ကာလဟာ သီတင်းပါတ် ၄ ပတ်ကနေ ၁၂ ပတ်ကြား ကြာမြင့်နိုင်ပြီး “နာတာရှည်ကိုဗစ်ရောဂါလက္ခဏာ ၅၀ ထက်မနည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အတွေ့ရအများဆုံး ရောဂါလက္ခဏာတွေထဲမှာတော့ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူမဝတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ အဆစ်အမြစ်ကိုက်ခဲတာ၊ ရင်ဘတ်အောင့်တာ၊ ချောင်းဆိုးတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အနံ့အသက်ပျောက်တာတွေနဲ့ စိတ်ဓာတ်ကျတာတွေ ပါဝင်တယ်”လို့ သူက ဆိုပါတယ်။
တချို့အခြေအနေတွေထဲမှာတော့ လူနာတွေအနေနဲ့ အာရုံစူးစိုက်မှု ပြဿနာတွေ ကြုံတွေ့ရတာတွေအပြင် အားကစားသမားတချို့မှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး နောက်ပိုင်းမှာ အရင်က စွမ်းဆောင်ရည်အတိုင်း ပြန်လည်မဖြစ်နိုင်တော့တာတွေလည်း တွေ့ရတယ်လို့ ဒေါက်တာ ပရာဆစ်က ပြောပါတယ်။
“ဒီရောဂါလက္ခဏာတွေရဲ့ အကြောင်းရင်းကို တိတိကျကျ မပြောနိုင်သေးပေမဲ့ ကိုဗစ်-၁၉ ကြောင့် အဆုတ်နဲ့ ကိုယ်ခံအားစနစ်အတွက် ရောဂါကုသမှု ခံယူနေချိန်မှာ လူနာတွေအနေနဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆေးဘက်ဆိုင်ရာပညာရှင်တွေက ယူဆတာတွေလည်း ရှိနေပါတယ်။”
ဒါ့အပြင် ရောဂါကူးစက်မှု မခံရခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူတွေမှာတော့ ခုလိုနောက်ဆက်တွဲ ဖြစ်နိုင်ခြေတွေနည်းတယ်လို့လည်း ဒေါက်တာ ပရာဆစ်က ပြောပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးတွေက ဒါတွေနောက်ဆက်တွဲဖြစ်လာတာမျိုး မရှိအောင် တကယ်ပဲ အထောက်အကူဖြစ်သလားဆိုတာကိုတော့ နောက်ထပ် သုတေသနလေ့လာမှုတွေနဲ့ အနီးကပ်စောင့်ကြည့်လေ့လာမှု တွေ ထပ်ပြီးတော့ လုပ်ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“ထိုင်းနိုင်ငံမှာတော့ ပြည်သူ့ကျန်းမာရေးတန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ နောက်ဆက်တွဲ နာတာရှည်ရောဂါလက္ခဏာ စောင့်ကြည့်လေ့လာတာတွေ လုပ်ဆောင်ဖို့ ဖွဲ့စည်းထားခဲ့ပြီးဖြစ်တာမို့ ဒီအခြေအနေတွေကို ပိုမိုကောင်းမွန်အောင် သင့်တော်တဲ့ ကုသမှုတွေလည်း ရှာတွေ့နိုင်တော့မှာပါ”
ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃ ဒသမ ၄ သန်းကျော်၊ သေဆုံးသူပေါင်း ၂၄,၅၀၀ နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၃ ဒသမ ၁ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့် ဧပြီလ ဆုန်ကရန် သင်္ကြန်ပွဲတော် ကာလအထိ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု နှုန်း ၁ သိန်းထိ အဆိုးဝါးဆုံးအခြေအနေမှာ ရှိလာနိုင်တယ်လို့ ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန (ဒီဒီစီ)က ခန့်မှန်းထားပါတယ်။
လာမယ့် သီတင်းပတ်တွေထဲမှာ ရောဂါကူးစက်မှုအဆင့်တွေ လျော့ကျလာမလား၊ ဒါမှမဟုတ် ပြင်းထန်လာမလားဆိုတာကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်မှုတွေ ဘယ်လို တင်းကျပ်ချမှတ်ထားမလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ဒီဒီစီက ဆိုပါတယ်။