စစ်ဘေးသင့် ယီမင်နိုင်ငံရဲ့ မြို့တော် ဆာနားမှာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အကြီးအကျယ် ရေကြီးရေလျှံမှုတွေနဲ့ တခြားသဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်ခဲ့လို့ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အဦ ၅ လုံး ပျက်စီးခဲ့ပြီး ဆာနားမြို့ဟောင်းရှိ ကမ္ဘာ့အမွေအနှစ်နေရာ ၄၀ လည်း ပျက်စီးခဲ့ကြောင်း ဟူသီ ထိန်းချုပ် အယ်လ်မာဆီရာ ရုပ်သံက သြဂုတ် ၁၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ယီမင်နိုင်ငံဟာ အခုနှစ် အစပိုင်းကတည်းက ပုံမှန်မဟုတ်တဲ့ ရာသီဥတုကို ကြုံတွေ့နေရတာပါ။
နွေဦးရာသီမှာ မိုးခေါင်ရေရှားမှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး အဲဒီနောက် နွေရာသီမှာ မုတ်သုံ စဝင်လာပြီးတော့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းပြည် အထိနာခဲ့ပါတယ်။ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအများအပြားမှာ ရေကြီးတာ၊ ရွှံ့မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တွေ၊ တံတားတွေ၊ လမ်းတွေအပြင် လယ်ယာမြေတွေလည်း အများအပြား ပျက်စီးပြီး အသေအပျောက်နဲ့ ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။
ယီမင်ရဲ့ပြည်နယ်တွေက စာရင်းဇယားတွေအရ အခုနှစ် မိုးရာသီ စတင်ကတည်းက နိုင်ငံတဝန်း ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၈၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အသေအပျောက် များတာတွေဟာ သဘာဝဘေးဆိုးတွေအပြင် လူလုပ်တဲ့ ကံဆိုးမှုတွေကိုလည်း လျစ်လျူရှုလို့မရကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
၂၀၁၄ ခုနှစ် နှောင်းပိုင်းကတည်းက ယီမင်နိုင်ငံဟာ ပြည်တွင်းစစ် စတင်ခဲ့ပြီး စစ်ပွဲကြောင့် လူပေါင်း ထောင်သောင်းချီ သေဆုံး၊ လူပေါင်း လေးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် အဆင်းရဲဆုံး အာရပ်နိုင်ငံကို ငတ်မွတ်ခေါင်းပါးမှုအောက် တွန်းပို့ခဲ့ပါတယ်။