close

နိုင်ဂျာနိုင်ငံ

close

November 10, 2021

နိုင်ဂျာနိုင်ငံတွင် ရွှေတွင်း ပြိုကျပြီး လူ ၁၈ ဦးထက်မနည်း သေဆုံး

နိုက်ဂျာနိုင်ငံနယ်စပ် မာရာဒီဒေသတောင်ပိုင်းမှာ လက်တူးရွှေတွင်း ပြိုကျလို့ လူ ၁၈ ယောက်ထက်မနည်း သေဆုံးပြီး  အရေအတွက်ပိုတိုးလာနိုင်တယ်လို့ ဒန်အစ်ဆာ မြို့တော်ဝန် အဒါမောင်ဂွေရိုက နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။

မာရာဒီဒေသ အုပ်ချုပ်ရေးမှူးက တနင်္လာနေ့မှာ တွင်းပြိုရာ နေရာကို လာရောက်ကြည့်ရှုပြီး လုပ်ငန်းခွင်အတွင်း လူတွေအတွက် ပိုကောင်းတဲ့ အလုပ်အကိုင် အခြေအနေ ဖန်တီးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

“အလုပ်ရှာနေတဲ့ လူငယ်တွေဟာ သူတို့ဝမ်းရေးအတွက် ကြည့်နေရတယ်။ အရာရှိ တယောက် အနေနဲ့ ဒီလုပ်ငန်းခွင်ကို ဘယ်လိုပြန်ဖွဲ့စည်းမလဲဆိုတာ အကဲခတ်သွားမယ် လူတွေ တန်းတူညီမျှ ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်နိုင်တာ သေချာအောင် လုပ်မယ်။ သူတို့ ဘေးကင်းရေးအတွက် သတိထားသွားမယ်”လို့ သူက ပြောပါတယ်။

လူအားနဲ့ တူးဖောက်တဲ့ သတ္တုတွင်းလုပ်သားတွေဟာ ရှေးကျပြီး တူးဖော်ရေးစည်းမျဉ်းတွေ မထားဘဲ သတ္တုတူးနေကြလို့ လူသေတဲ့ မတော်တဆမှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။

သတ္တုဝယ်လိုအား တိုးနေပြီး ကုန်စျေးနှုန်းလည်း ပိုမြင့်လာနေလို့ ကမ္ဘာတလွှား ဆင်းရဲတဲ့ နိုင်ငံတွေမှာ လတ်တလောနှစ်တွေအတွင်း အသေးစား သတ္တုတွင်းလုပ်ငန်းတွေ ပေါများလာပါတယ်။

ခုလို ဖြစ်ရပ်တွေဟာ အနောက်အာဖရိကတဝန်း နေရာအများအပြားမှာ ဖြစ်နေကျလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

3 mins Ago

December 12, 2019

အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် နိုင်ဂျာစစ်သား ၇၀ ကျဆုံး

နိုင်ဂျာနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက်က ဝေလံခေါင်သီတဲ့ စစ်စခန်းတခုကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့လို့ စစ်သား အယောက် ၇၀ လောက်ကျဆုံးခဲ့တယ်လို့  နိုင်ဂျာစစ်တပ်က အတည်ပြုခဲ့ပါတယ်။  ခန့်မှန်းခြေရာချီရှိတဲ့ အကြမ်းဖက်သမားတွေဟာ လက်နက်အင်အားအပြည့်နဲ့ တိုက်ခိုက်ခဲ့တာလို့ နိုင်ဂျာစစ်တပ်ရဲ့ ဗိုလ်မှူးကြီး ဘူဘာကာဟာဆန်က ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့တာပါ။ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအတွင်း နိုင်ဂျာစစ်သား ၇၁ ယောက်သေဆုံးပြီး နောက်ထပ် ၁၂ ယောက်ကတော့ ပျောက်ဆုံး ဒဏ်ရာရခဲ့တယ်လို့ ဟာဆန်က ပြောပါတယ်။  အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမျှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။   ဒါပေမယ့် အိုင်အက်စ်အဖွဲ့၊ အယ်လ်ကိုင်ဒါအဖွဲ့နဲ့ ဆက်နွှယ်တဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ အနောက်အာဖရိကရဲ့ ဆာဟဲဒေသမှာ တိုက်ခိုက်မှုတွေ အရှိန်မြင့် ပြုလုပ်နေတာပါ။  နိုင်ဂျာရဲ့ အိမ်နီးချင်းဖြစ်တဲ့ မာလီနဲ့ ဖူကီနာဖာဆို စတဲ့နိုင်ငံတွေဟာလည်း အလားတူ အဲဒီစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုဒဏ် ခံစားနေရပါတယ်။  တနင်္ဂနွေနေ့က မာလီနိုင်ငံနဲ့ နယ်စပ်နိုင်ဂျာနိုင်ငံအနောက်ပိုင်း အင်နိတ်မြို့က စစ် အခြေစိုက်စခန်းတခု တိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီဒေသမှာ မေနဲ့ ဇူလိုင်လကလည်း အနောက်အာဖရိကအခြေစိုက် အိုင်အက်စ်အဖွဲ့ခွဲရဲ့ တိုက်ခိုက်မှုနှစ်ခုကြောင့် နိုင်ဂျီးရီးယား စစ်သားအယောက် ၅၀ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။   
2 years Ago
Up