close

နိုင်ငံခေါင်းဆောင်များ

close

October 26, 2022

ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေများကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာ ၂၆ ရက်က နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ငါးမှုလုံးအတွက် အောက်တိုဘာ ၁၈ ရက်က စွဲချက်တင်အမိန့် ချလိုက်ပြီး အောက်တိုဘာ ၂၅ ရက်ကစကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ မနေ့ကရုံးချိန်းမှာ စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

တရားရုံးနဲ့နီးစပ်သူတယောက်က “ဒီနေ့ ပြန်ခေါ်သက်သေ နှစ်ယောက်ကို စစ်တယ်။ နောက်လာမယ့်အပတ်ရုံးချိန်းမှာ လူကယ်ပြန် ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်ကို စစ်မယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း သိရပါတယ်။

2 mins Ago

June 24, 2022

နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲထားသည့် ရွေးကောက်ပွဲအမှု မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်မည်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို ဇွန် ၂၃ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေတဦးကို စစ်ဆေးခဲ့ပြီး အမှုအတွက် ပြန်ခေါ်သုံးဦးလုံးကို စစ်ဆေးပြီးဖြစ်တဲ့အတွက် နောက်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP) လုပ်မယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရရှိခဲ့ပေမဲ့လည်း အစိုးရသစ်ဖွဲ့စည်းဖို့ လွှတ်တော်စခေါ်မယ့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက နိုင်ငံခေါင်းဆောင်အတွေအပေါ် စွဲဆိုထားတဲ့အမှုတွေကို ဇွန် ၂၃ ရက်ကစပြီး နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးမှာ  ပြောင်းရွှေ့ရုံးထုတ် စစ်ဆေးနေတာဖြစ်ပြီး ဇွန် ၂၂ ရက်နေ့ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောက်အဦကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။

အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောက်အဦမှာ တဦးတည်းနေထိုင်ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန်ထောင်ဝင်စာတွေ့ခွင့် ရရှိပြီလို့ သိရပါတယ်။

4 months Ago
Up