close

နိုင်ငံခြားသားမြေကွက်ဝယ်ယူခွင့်

close

October 27, 2022

နိုင်ငံခြားသားများ မြေကွက်ဝယ်ယူခွင့် ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအနေနဲ့ ကိုယ်ပိုင်မြေကွက် ဝယ်ယူနိုင်မယ့်ဥပဒေ ပြဋ္ဌာန်းချက် တရပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က ကျင်းပပြီးစီးသွားတဲ့  အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုလိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေး ပြည်လည်ထူထောင်နိုင်ဖို့၊ နိုင်ငံခြားနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့၊ ကျွမ်းကျင်သူပညာရှင်တွေနဲ့ လူသားရင်းမြစ် အရည်အသွေးမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံခြားသားတချို့ကို နေထိုင်ခွင့်မြေရောင်းချပေးဖို့ ဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ကြောင်း ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်း အနုချား ဘူရဖချိုင်းစီက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မြေဝယ်ယူခွင့်ရှိ နိုင်ငံခြားသားတွေကတော့ နိုင်ငံတကာသူဌေးသူကြွယ်တွေ၊ ပင်စင်စားတွေ၊ ထိုင်းမြေပေါ်မှာနေထိုင်ပြီး အလုပ်လုပ်ကိုင်လိုသူတွေ၊ ပညာရပ်တခုခုမှာ တဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သူတွေ စတဲ့ လူတန်းစား ၄ ရပ်ပါဝင်ပြီး ထိုင်းနိုင်ငံမှာ ဘတ်သန်းပေါင်း ၄၀ နဲ့ အနည်းဆုံး ၃ နှစ် ရင်းနှီးမြှုပ်နှံမှုရှိရမယ်လို့ ဆိုပါတယ်။

မြေကွက်ဝယ်ယူရာမှာ တဦးကို ၁,၆၀၀ စတုရန်းမီတာ (ဧကတဝက်နီးပါး) ထက် မပိုစေရဘဲ နေထိုင်ဖို့သက်သက်သာ ဝယ်ယူရမှာဖြစ်ကြောင်း၊ ဝယ်ယူနိုင်တဲ့ နေရာတွေက ဘန်ကောက်၊ ပတ္တယား၊ စည်ပင်သာယာနယ်နိမိတ်နဲ့ အိမ်ရာစီမံကိန်းဥပဒေနဲ့ ညီညွတ်တဲ့ နေရာတွေလို့ ဆိုပါတယ်။

အဆိုပါမြေကွက်ကို မိမိ နိုင်ငံခြားသား သားသမီး မြေးမြစ်တွေကို အမွေဆက်ခံပိုင်ခွင့် ပေးလို့ရပေမဲ့ အားလုံးသော်လည်းကောင်း၊ ဖဲ့ခြမ်းပြီးသော်လည်းကောင်း ပြန်လည်ရောင်းချခွင့်မရှိ၊ ဥပဒေအတိုင်း မလိုက်နာက ပြန်သိမ်းဆည်းခံရမယ်လို့ ဆိုပါတယ်။

အစိုးရပြန်တမ်းဝင်က တရားဝင်ကြေညာတဲ့နေ့ကစပြီး နိုင်ငံခြားသားတွေ ဝယ်ယူထားတဲ့ မြေကွက်တွေကို နောက် ၅ နှစ်ကြာရင် ပြန်လည်စိစစ်မှာ ဖြစ်ပါတယ်။

ဒီပြဋ္ဌာန်းချက်ပေါ်မှာ ထိုင်းနိုင်ငံသားတွေကြား သဘောတူသူရှိသလို သဘောမကျတဲ့ အုပ်စုတွေလည်း ရှိနေပါတယ်။

မြေကွက်ရောင်းဝယ်ရေးကုမ္ပဏီနဲ့ ပွဲစားတွေက ဝမ်းမြောက်စွာကြိုဆိုပြီး အမျိုးသားရေးဝါဒီတွေကတော့ “စီးပွားရေးစီမံချက်က တိုင်းပြည်ရဲ့မြေကို ရောင်းစားရတဲ့ အထိ ဆိုးရွားနေပြီလား”၊ “ကိုယ့်နိုင်ငံသားတွေ အိုးပိုင်အိမ်ပိုင်နဲ့နေနိုင်အောင် အရင်လုပ်ပေးပါဦး”၊ “ထိုင်းနိုင်ငံသားတွေ နေစရာရှိတော့မှာမဟုတ်ဘူး” စသဖြင့် အစိုးရကို ဝေဖန်နေကြပါတယ်။

17 mins Ago
Up