နိုင်ငံတကာရာဇဝတ်မှုနဲ့ ပတ်သက်သူတွေနဲ့ နိုင်ငံထဲမှာ ဝင်ရောက်နေထိုင်ပြီး တရားမဝင်စီးပွားရေး လုပ်ကိုင်နေနိုင်တဲ့ကိစ္စ၊ ငွေကြေးခဝါချမှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ထိုင်း လွှတ်တော်အမတ်တွေက မေးခွန်းထုတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်လည်စတင်ပြီး အတိုက်အခံပါတီလွှတ်တော်အမတ်တွေက လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယုဒ်အစိုးရရဲ့ အားနည်းချက်တွေကို တင်ပြကာ ပြစ်တင် ဝေဖန်ခဲ့မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံတကာရာဇဝတ်မှုနဲ့ ပတ်သက်သူတွေ နိုင်ငံထဲမှာ ဝင်ရောက်နေထိုင်ကာ တရားမဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေနိုင်တဲ့ကိစ္စ၊ နိုင်ငံခြားစီးပွားရေးသမားတွေကို ရပ်ကွက်တခုလိုဖြစ်နေတဲ့ အိမ်ရာတခုလုံး ဝယ်ယူခွင့်ပြုပြီး ထိုင်းနိုင်ငံသား ပြောင်းပေးတဲ့ကိစ္စ၊ ဒီအခြေအနေထိ ရောက်လာနိုင်တာဟာ အစိုးရက မသိချင်ယောင်ဆောင်နေတာလား၊ ပါဝင်ပတ်သက်နေတာလားလို့ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ပါတယ်။
ဒါ့အပြင်ဝန်ကြီးချုပ် ပရာယုဒ်က ရွေးချယ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တယောက်က ငွေကြေးခဝါချမှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမင်းလတ်နဲ့ ပတ်သက်နေတဲ့ကိစ္စ၊ အွန်လိုင်းငွေလိမ်မှုတွေ မနှိမ်နင်းနိုင်တာ၊ ရဲတပ်ဖွဲ့က ထိရောက်စွာ မနှိမ်နင်းပေးတဲ့အပြင် နစ်နာသူတွေကို ပိုမိုဝန်ပိစေတဲ့ကိစ္စ၊ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း ကျဆင်းတဲ့ကိစ္စ စတာတွေကို ဖွေထိုင်းပါတီနဲ့ ကောက်ကလိုင် (Move forward party) ပါတီတို့က အချက်အလက်တွေနဲ့ တင်ပြပြီး ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်မှာ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းမဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဦးထွန်းမင်းလတ်ဟာ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပကျာရီယန်းကွန်းနဲ့လည်း အကျိုးတူစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာတော့ သူဟာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲခံထားရပါတယ်။
ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားကတော့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေတဲ့ကိစ္စ နှိမ်နင်းဖို့ သူကစပြီး ညွှန်ကြားချက်ပေးခဲ့တာ ဖြစ်ကြောင်း၊ နိုင်ငံခြားသားတွေကို အိမ်ရာရောင်းချပေးပြီး ထိုင်းနိုင်ငံသားဖြစ်ခွင့်ပြုတဲ့မူဝါဒ သူ့အစိုးရလက်ထက်မှာ လုံးဝမရှိဘူးလို့ လွှတ်တော်မှာ ငြင်းဆိုခဲ့ပါတယ်။
လက်ရှိအဖမ်းခံထားရတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် တုဟောင်ဟာ ထိုင်းအမျိုးသမီးနဲ့ လက်ထပ်ထားလို့ ဥပဒေအရ ထိုင်းနိုင်ငံသား ခံယူခွင့်ရှိပြီး အဲဒါဟာ လွန်ခဲ့တဲ့ ပါတီ (ဖွေထိုင်းပါတီဟု တည့်တည့်မပြော) အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး သူက ၂၀၁၄ ခုနှစ်မှာမှ အစိုးရဖြစ်လာတာ၊ တုဟောင်ရဲ့ အမျိုးသမီး ရဲဝန်ထမ်းဟာ အဲဒီခေတ်က ဝန်ကြီးချုပ်နဲ့ အလွန်ရင်းနှီးတယ်၊ အဲဒီတုန်းက ဘာဖြစ်လို့ နှုတ်ဆိတ်နေကြသလဲလို့ ပြန်မေးပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ငွေကြေးခဝါချမှု အရေးယူရေးတွေဟာ ဌာနဆိုင်ရာတွေက ဥပဒေအရ သူ့ဝတ္တရားအတိုင်း အရေးယူဆောင်ရွက်နေကြောင်း၊ အကျင့်ပျက် ဝန်ထမ်းတွေကို ဘက်လိုက်တာ၊ အားပေးတာ လုံးဝမရှိကြောင်း၊ တချို့လုပ်ငန်းစဉ်မှာ အခြေအနေကြောင့် နှောင့်နှေးတာတော့ ရှိနိုင်ကြောင်း၊ ကျူးလွန်သူတွေ အပြစ်ပေးတာ တရားစီရင်ရေးဌာနက ဆောင်ရွက်နေတာတွေကို ဘာမှမစွက်ဖက်လိုကြောင်း၊ သူ့လက်ထက်မှာ မူးယစ်ဆေးဝါးသံသယနဲ့ လူ ၂,၀၀၀၊ ၃,၀၀၀ ပစ်သတ်ပစ်တာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
လက်ရှိပြဿနာတချို့ဟာ အရင်အစိုးရလက်ထက်ကတည်းက မဖြေရှင်းနိုင်ခဲ့လို့ ဆက်လက် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေဖြစ်ကြောင်း၊ အရင်အစိုးရလက်ထက်တွေမှာ ထောင်ကျတဲ့ ဝန်ကြီးတွေ၊ ပြည်ပြေးဖြစ်နေရတဲ့ ဝန်ကြီးတွေရှိတယ်၊ သူ့လက်ထက်မှာ ဒါမျိုး တယောက်မှမရှိဘူး။ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မကြည့်ဘဲ၊ မမြင်ဘဲ၊ သေချာနားမထောင်ဘဲ အပြစ်တွေကိုပဲ ရှာကြံတင်ပြနေကြတယ်၊ တင်ပြလာတဲ့ အကြံကောင်းတွေ ငါတို့လည်းကြံစည်ခဲ့တယ်၊ လက်တွေ့မှာ လုပ်လို့မရတာရှိတယ်၊ သင်တို့အစိုးရဖြစ်မှ လုပ်ကြည့်ကြပေါ့လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
အတိုက်အခံအမျိုးသမီးလွှတ်တော်အမတ်တဦးက ဝန်ကြီးချုပ်အား ခွေးစကားပြောတာလားလို့ ပြောဆိုခဲ့တဲ့ပေါ် လွှတ်တော်ထဲမှာ အပြောအဆိုတွေလည်း ယဉ်ကျေးမှုရှိကြဖို့ လွှတ်တော်ဆိုတာ လူကြီးလူကောင်းပီသစွာ ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးရမယ့်နေရာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယုဒ်က တုံ့ပြန်ပြောဆိုသွားပါတယ်။
Photo-Khaosod
လက်ရှိ မြန်မာနိုင်ငံ ခရီးသွားရာသီအတွင်းမှာ ထိုင်းနဲ့ ရုရှားခရီးသည် အနည်းငယ်က လွဲရင် နိုင်ငံခြားသားခရီးသွားဧည့်သည် မဝင်ရောက်တာကြောင့် ဟိုတယ်တွေဟာ ပြည်တွင်းခရီးသွားတွေကိုသာ အဓိကအားထားနေရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
လက်ရှိမှာ အပန်းဖြေခရီးအနေနဲ့ Group Tour နဲ့ ထိုင်းနိုင်ငံက လာရောက်တာသာ ရှိပြီး နှစ်ယောက်တွဲ၊ ၃ ယောက်တွဲအနေနဲ့ ရုရှားနိုင်ငံက ဝင်ပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာလထက်စာရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ ခရီးသွားအနည်းငယ် တက်လာတယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။
ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဟိုတယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း ပြန်လည်ပတ်ဖို့ မသေချာသေးဘူးလို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
"ကျနော်တို့ သိသလောက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်က ပိတ်ထားရတယ်။ ဥပမာ- မုံရွာလိုမျိုး၊ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဟိုတယ်တွေ၊ အရင်က နိုင်ငံခြားတွေ အားထားနေရတဲ့ ဟိုတယ်တွေ၊ အခြား သီပေါလို နေရာမျိုးတွေ၊ အဲ့နေရာတွေက ဟိုတယ်တွေက နိုင်ငံခြားသား ဝင်ရောက်မှု လုံးဝ မရှိတော့တဲ့အတွက် ထိခိုက်မှုများသွားတယ်။ ကျန်တဲ့ ကမ်းခြေလို နေရာမျိုးတွေတော့ ဖွင့်နေသေးတယ်။ အဲ့နေရာမှာတော့ ပြည်တွင်းဧည့်သည်တွေ ရှိနေသေးတယ်။ ၅၀ ရာခိုင်နှုန်းလောက်က လုပ်ငန်း ရပ်တန့်သွားတယ်လို့ ပြောရတယ်။ ဟိုတယ်အသင်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြောရင် ဟိုတယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း ပြန်လည်ပတ်ဖို့ မသေချာသေးပါဘူး တနိုင်ငံလုံး အတိုင်းအတာနဲ့" လို့ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေမှာ ပုံမှန်အတိုင်း အခန်းပြည့် မဖွင့်လှစ်နိုင်ဘဲ ဟိုတယ်မှာ အခန်း ၅၀ ရှိရင် ၁၅ ခန်းလောက်သာ ဖွင့်လှစ်နိုင်တာကြောင့် ဝန်ထမ်းဦးရေ လျှော့ချနေရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်တွင်းခရီးသွားတွေဟာလည်း ပဋိပက္ခ ဖြစ်ပွားမှု နည်းပါးတဲ့ ဒေသဖြစ်တဲ့ ပုဂံညောင်ဦး၊ ပြင်ဦးလွင်၊ ချောင်းသာ၊ ငွေဆောင် စတဲ့နေရာတွေကိုသာ အများဆုံး သွားရောက်ကြတယ်လို့ ဆိုပါတယ်။
ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူက "တလချင်းအနေနဲ့ တိုးတက်မှုက ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ တကယ်တမ်း ကိုဗစ် မတိုင်ခင် အခြေအနေနဲ့ ယှဉ်ရင် တော်တော်ကြီးနည်းသေးတယ်။ ကိုဗစ် မတိုင်ခင်နဲ့ ယှဉ်ရင် ၅ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ အခု အသွားအများဆုံးက ရန်ကုန် အနီးနားတဝိုက်ပဲရှိမယ်။ ရန်ကုန်၊ ပဲခူး၊ ကျိုက်ထီးရိုးတဝိုက်မှာ ထိုင်းခရီးသွားတွေ ဘုရားဖူးသွားတာရှိမယ်။ ကျနော်တို့မှာ အများကြီး မရှိပါဘူး။ အနောက်နိုင်ငံက ဝင်လာတဲ့ ရုရှားခရီးသည်တွေကျတော့ ပုဂံ၊ မန္တလေးနဲ့ အင်းလေး ဒေသတွေကို သွားကြတယ်"လို့ ပြောပါတယ်။
အရင်က ပြည်ပ ခရီးသွားတွေကိုသာ အဓိက အားထားလက်ခံတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေဟာ အခုချိန် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မရှိသလောက် နည်းပါးတာကြောင့် ပြည်တွင်း ခရီးသွားတွေအတွက် ဈေးနှုန်း လျှော့ချပြီး အသက်ဆက်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
၂၀၂၃ ဇန်နဝါရီလ လယ်ပိုင်းက စတင်ကာ ပြည်တွင်းခရီးသွား အရေအတွက် ၂၀၂၂ အောက်တိုဘာ၊ နိုဝင်ဘာလတို့ထက်စာရင် ၅ ပုံ ၃ ပုံလောက် လျှော့ကျသွားတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တဦးက "ခရီးသွားလုပ်ငန်းရဲ့ အသက်သွေးကြောက လုံခြုံရေးပေါ့။ နိုင်ငံရေး မတည်ငြိမ်မှုအောက်မှာ အဓိက လုံခြုံမှုနည်းသွားတယ်။ စီးပွားရေး ကျဆင်းသွားတယ်။ လူတွေရဲ့ ဝင်ငွေ နည်းသွားတယ်။ ခရီးသွားလုပ်ငန်းမှာသုံးတဲ့ Spending power နည်းသွားတယ်။ အကုန် တိုက်ရိုက် ဆက်စပ်နေတာပေါ့။ လာမယ့်နှစ်လည်း တိုင်းပြည် အခြေအနေ ဘာမှ မထူးရင် ဒီတိုင်းပဲ ဆက်သွားမယ်လို့ မြင်တယ်။ အရင်တုန်းက ခရီးသွားရာသီက ၈ လလုပ် ၄ လ နားလေ။ အခုက ၄ လလုပ် ၈ လနား အဲ့လို ပြောင်းပြန်ဖြစ်သွားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုဗစ် မတိုင်ခင်က မြန်မာနိုင်ငံမှာ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်ထားပြီး၊ တရုတ်နဲ့ ထိုင်းနယ်စပ်ကနေ နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှုက ၁.၈ သန်း ဝင်ရောက်ခဲ့ပြီး၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ခရီးသည် ဝင်ရောက်မှု ၂ သန်း ရှိကာ စုစုပေါင်း ၄ ဒသမ ၃ သန်း ဝင်ရောက်ခဲ့ပါတယ်။
ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို ဗြိတိန်နိုင်ငံသားတွေ မသွားကြဖို့ ယူကေနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံကို အန္တရာယ်အရှိဆုံး မသွားသင့်တဲ့နိုင်ငံ အဆင့် ၄ သတိပေးချက်အဖြစ် ၂၀၂၂ ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။