သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြား အရန်ငွေ ကျဆင်းလာတာကို စီမံခန့်ခွဲဖို့ နိုင်ငံရဲ့တခုတည်းသော ရေနံချက်စက်ရုံကို ယာယီ ပိတ်ခဲ့ရတယ်လို့ စွမ်းအင်ဝန်ကြီးက နိုဝင်ဘာ ၁၆ရက်မှာ ပြောလိုက်ပါတယ်။
ဒါကြောင့် ဓာတ်ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေ တန်းစီ စောင့်ဆိုင်းနေရပါတယ်။
၅၁ နှစ်သက်တမ်း ရှိပြီဖြစ်တဲ့ ဆာပူဂါ စကန်ဒါ ရေနံချက်စက်ရုံဟာ တရက်ကို ရေနံစိမ်းစည်ပေါင်း ၅ သောင်း ထုတ်လုပ်နိုင်စွမ်းရှိပြီး တနင်္လာနေ့က စပိတ်လိုက်ရပြီလို့ ဝန်ကြီးက အပတ်စဉ် ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ပြောပါတယ်။
အစိုးရအဖွဲ့မှာ လုံလောက်တဲ့ အမေရိကန်ဒေါ်လာ ရနိုင်ပြီဆိုရင် ရေနံတင်သွင်းမှု ပြန်စမယ်လို့ ဝန်ကြီးက ပြောပေမယ့် ဘယ်တော့ ပြန်စနိုင်မလဲ ဆိုတဲ့ အချိန်အသေးစိတ်ကို မပေးခဲ့ပါဘူး။
သီရိလင်္ကာနိုင်ငံဟာ ငွေကြေးဖောင်းပွမှု တိုးလာတာနဲ့ နိုင်ငံခြား အရန်ငွေ ကျဆင်းလာတာကို ရင်ဆိုင်နေရလို့ စီးပွားရေးအတွက် အာမခံကို ဆွေးနွေးနေကြတယ်လို့ အစိုးရအဖွဲ့ ပြောခွင့်ရနဲ့ ပြန်ကြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ခုတော့ လောင်စာနဲ့ အရန်ငွေအတွက် သီရိလင်္ကာအစိုးရဟာ အိန္ဒိယအစိုးရဆီက အမေရိကန်ဒေါ်လာ သန်းငါးရာ ချေးယူဖို့ ညှိုနှိုင်းရေး ကြိုးစားနေပါတယ်။
၂၀၂၁ ခုနှစ်ရဲ့ ပထမ ၉ လမှာ သီရိလင်္ကာဟာ လောင်စာပြည်တွင်းတင်သွင်းဖို့ အမေရိကန်ဒေါ်လာ ၂.၂၇ ဘီလီယံကို သုံးခဲ့ပြီး တင်သွင်းကုန် အသုံးစရိတ် အမြင့်ဆုံးသုံးခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။