ထိုင်ဝမ်ဟာ တရုတ်ရဲ့ ဖိအားကို ရင်ဆိုင်နေရလို့ ကာကွယ်ရေး အားဖြည့်ဖို့ နဲ့ နိုင်ငံတကာ စင်မြင့်မှာ မိတ်ဆွေတွေရှိဖို့ လိုအပ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီလို့လည်း ဝူက ချက်သမ္မတနိုင်ငံရဲ့ မြို့တော် ပရက်ဂ်ကို အလည်အပတ် ခရီးစဉ်အတွင်း ပြောပါတယ်။
တရုတ်ပြည်မကြီးအစိုးရက စစ်ရေးနဲ့ နိုင်ငံရေး ဖိအားတွေ ပိုပေးလာလို့ ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်အဖြစ် အခိုင်အမာ ကြေညာနေတဲ့ တရုတ်ပြည်မကြီးအစိုးရနဲ့ ကိုယ်တိုင် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ် အစိုးရကြား တင်းမာမှုတွေ လတ်တလော သီတင်းပတ်အတွင်း အရှိန်ပိုမြင့်လာပါတယ်။
ထိုင်ဝမ်လေပိုင်နက်ထက် ပိုကျယ်တဲ့ ထိုင်ဝမ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုံထဲကို တရုတ်စစ်လေယာဉ်တွေ ထပ်ခါတလဲ ကျူးကျော် ပျံသန်းခဲ့ပါတယ်။
အခြေအနေက တင်းမာမှု ပိုတိုးလာနေပြီး အန္တရာယ် ပိုများလာတယ်လို့ ဂျိုးဇက်ဝူက သတင်းထောက်တွေကို ပြောပါတယ်။
သူဟာ ချက်သမ္မတ နိုင်ငံရဲ့ ဒုတိယ ရာထူးအမြင့်ဆုံးဖြစ်တဲ့ အထက်လွှတ်တော် ဥက္ကဌ နဲ့ အစည်းအဝေးအပြီးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
ချက်သမ္မတနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဝူရဲ့ ခရီးစဉ်ကို ပြစ်တင်ရှုံချပြီး ချက် အထက် လွှတ်တော်ဟာ ခွဲထွက်ရေး လှုပ်ရှားမှုတွေအတွက် အခင်းအကျင်းကို ဖန်တီးပေးနေ တယ်လို့ လည်း ပြောပါတယ်။