နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အမျိုးသမီးတွေအပါအဝင် ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာအမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုကြောင်း ဒီကနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန်အခြေစိုက် သံရုံးအသီးသီးက ထုတ်ပြန်ထားပါတယ်။
အိန်ဂျယ် ကြယ်စင်၊ မြသွဲ့သွဲ့ခိုင်နဲ့ ခင်မျိုးချစ်တို့အပါအဝင် လွန်ခဲ့တဲ့တစ်နှစ်အတွင်း ကြွေလွင့်ခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အားလုံးကို မိမိတို့ အောက်မေ့ဂုဏ်ပြုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာပါတယ်။
မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ်အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေကြတဲ့ ရဲဝံ့တဲ့ အမျိုးသမီးတွေအားလုံးကို ချီးကျူးဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ(အီးယူ)ကတော့ ပဋိပက္ခဒဏ်ခံဒေသတွေမှာ ကျား၊ မ အခြေပြု အကြမ်းဖက်မှုစတွေထက် ပိုမိုထိခိုက်လွယ်တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ရပ်တည် ပြောဆိုခြင်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ထုတ်ပြန်ပါတယ်။
အီးယူအနေနဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အရေးကိစ္စတွေ၊ တားဆီးကာကွယ်ရေး မဟာဗျူဟာတွေနဲ့ စပ်လျဉ်းပြီး အသိပညာပေးမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှတဆင့် ကျယ်ပြန့်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ရာမှာ ပါဝင်ဖြည့်ဆည်းပြီး အဲဒီလို အကြမ်းဖက်ခံခဲ့ရတဲ့ ရှင်ကျန်သူတွေအတွက် ပံ့ပိုးကူညီရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒိန်းမတ်သံရုံးကတော့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ဦးဆောင်လမ်းပြနေတဲ့ မြန်မာ အမျိုးသမီးတွေနဲ့အတူ ဒိန်းမတ်နိုင်ငံက ရပ်တည်နေကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်နဲ့ တိုင်းရင်းသားလူမျိုးတွေအရေးကို မြှင့်တင်ဖို့ ကြိုးပမ်းအားထုတ်နေကြတဲ့ ဦးစီးဦးဆောင် အမျိုးသမီးတွေအကြောင်းကို အခုတပတ်မှာ တင်ပြသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေဟာ ဘက်လိုက်မှု၊ ပုံသေကားချပ်သတ်မှတ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်တာမို့ တန်းတူညီမျှမှုအတွက် ဆောင်ရွက်ဖို့ အားလုံးမှာ တာ၀န်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ နိုင်ငံရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ မျှော်လင့်ချက်တွေကို ဖော်ပြဖို့ အခြေခံအခွင့်အရေးတွေ ကျင့်သုံးနေကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုလိုက်ကြောင်း ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေက ဦးဆောင်သူတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ အနုပညာရှင်တွေအဖြစ် ရှေ့တန်းက ရပ်တည်နေကြပြီး ကို ဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး မျက်နှာစာမှာလည်း အမျိုးသမီးတွေ ရှိနေကြတယ် လို့ ဆိုပါတယ်။
နော်ဝေသံရုံးအနေနဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ တသားတည်း ရပ်တည်ကာ သူတို့ရဲ့အသံတွေကို နားထောင်ပြီး လူတိုင်းအတွက် လူ့အခွင့်အရေးရရှိရေး သူတို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်အောင် ဆက်လက်ပံ့ပိုးကူညီသွားမယ့် ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ကိုင်စွဲထားကြောင်းလည်း အသိပေးထားပါတယ်။
ဆွီဒင်သံရုံးကတော့ အမျိုးသမီးတွေရဲ့ တန်းတူညီမျှအခွင့်အရေးဟာ အဓိကဦးစားပေးအဖြစ် ဆက်ရှိနေပြီး ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရုန်းကန်လှုပ်ရှား ကြိုးပမ်းနေကြတဲ့ မြန်မာအမျိုးသမီးတွေနဲ့အတူ ဂုဏ်ယူစွာအတူရပ်တည်တယ်လို့ ကြေညာပါတယ်။
အလားတူ ကနေဒါသံရုံးကလည်း မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်ပြီးငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်လာစေရန် ဆောင်ရွက်ကြမယ့် အနာဂတ်အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်လာရေး ဆောင်ရွက်နေကြတဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ မြန်မာအမျိုးသမီးတွေနဲ့ အတူတကွ အလုပ်လုပ်ရတာကို ဂုဏ်ယူတဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Photo- US Embassy
ရဲစွမ်းသတ္တိပြည့်ဝတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ပျော်ရွှင်ဖွယ် မင်္ဂလာရှိတဲ့ မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်ပါစေဖို့ ဥရောပသမဂ္ဂ (အီးယူက) ဆုမွန်ကောင်း ပို့သတဲ့အကြောင်း ဇန်နဝါရီ ၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ စပိန်သံရုံးကလည်း လွတ်လပ်ရေးရရှိခဲ့တာဟာ မြန်မာပြည်သူပြည်သားတွေအတွက် ပြည်သူတွေအားနဲ့သာ ရရှိခဲ့တာဖြစ်ပြီး ပြည်သူတွေအားနဲ့သာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေး တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲမှာ စပိန်နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ရှိ ဘုရင် ဆဋ္ဌမမြောက် ဖိလစ်က "ကျွန်ုပ်တို့၏ အကြီးမားဆုံးနှင့် အခိုင်မာဆုံးသော ပိုင်ဆိုင် မှုမှာ ကျွန်ုပ်တို့၏နိုင်ငံသားများ၊ ကျွန်ုပ်တို့၏လူမျိုးများဖြစ်သည်ကို ကျွန်ုပ်တို့ မကြာခဏ မေ့လျော့နေကြသည်" ဟု ပြောခဲ့ဖူးကြောင်းလည်း ရည်ညွှန်းဖော်ပြထားခဲ့တာ တွေ့ရပါတယ်။
ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ သံရုံးတွေ အသီးသီးက သဝဏ် လွှာတွေ ပေးပို့ခဲ့ကြသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း မြန်မာပြည်မှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး စစ်အာဏာရှင်ကိုတောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုကြောင်း၊ စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်စက်ကလူ ပြုမှုတွေကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားဘူးလို့လည်း ဝန်ကြီးဘလင်ကန်က ပြောတဲ့အကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်ပါတယ်။
အလားတူ ဒိန်းမတ်သံရုံးကလည်း မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ကြောင်း ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုရဲ့ အကျိုး အလို့ငှာ အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းတဲ့ အဖြေကို ရှာဖွေကြဖို့ သက်ဆိုင်သူ အားလုံးအား တိုက်တွန်းထားတဲ့ ကုလ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံး ပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တောင်းဆိုထားပါတယ်။
ရန်ကုန်အခြေအစိုက် ကနေဒါသံရုံးကတော့ ယနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခိုင်နိုင်မှုတို့ကို ချီးကျူး ဂုဏ်ပြုလိုကြောင်း ထုတ်ပြန်ပြောကြားထားပါတယ်။
ကနေဒါနိုင်ငံအနေနဲ့ ဆုံးရှုံးမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ထိခိုက်နစ်နာမှုတွေ၊ အခက်အခဲတွေကို တွေ့ကြုံခံစားနေရတဲ့ မြန်မာပြည်သူတွေနဲ့ ထပ်တူ ရပ်တည်နေပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနဲ့ ပြစ်မှုကျူးလွန်သူတွေ တာဝန်ယူ၊ တာဝန်ခံခိုင်းရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်နေသူတွေ အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ရရှိရေး မိတ်ဖက်များ အားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တရုတ်သံရုံးကတော့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုကြောင်းသာ ရေးသား ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ နိုင်ငံတဝန်းပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကတော့ အရှိန်အဟုန်နဲ့ ဆက်လက်ပြီးတော့ လှုပ်ရှားပါဝင်နေကြဆဲဖြစ်သလို လွတ်လပ်ရေးနေ့မှာလည်း “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ဆောင်ပုဒ်နဲ့ နိုင်ငံတဝန်းဆင်နွှဲနေကြပါတယ်။