ကုလသမဂ္ဂအပါအဝင် နိုင်ငံပေါင်းစုံအစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆၀ ကျော်တို့က မြန်မာနိုင်ငံက တရားမဝင် စစ်အုပ်စုကို ပံ့ပိုးကူညီမှုတွေ ပေးနေကြတယ်လို့ Justice For Myanmar အဖွဲ့က ကြေညာပါတယ်။
“အာဏာရှင်စနစ်တရပ် ဖော်ဆောင်ခြင်း- အစိုးရများနှင့်နိုင်ငံတကာအဖွဲ့အစည်းများက တရားမဝင် မြန်မာ စစ်အုပ်စုကို ပံ့ပိုးမှုပုံစံများနှင့် ရပ်တန့်အောင် လုပ်ဆောင်ရမည့်အရာများ” အမည်နဲ့ အဆိုပါအစီရင် ခံစာထဲမှာတော့ စစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ပေးခဲ့တဲ့ ပံ့ပိုးမှုပုံစံတွေကို အသေးစိတ် ဖော်ပြထားတာပါ။
အဲဒီထဲမှာ နိုင်ငံတကာအစိုးရ ၂၀၊ ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ အပါအဝင် နိုင်ငံ တကာအစိုးရအဖွဲ့အစည်း ၂၆ ဖွဲ့၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်း ၈ ဖွဲ့နဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်း ၈ ဖွဲ့တို့ ပတ်သက်ဆက်နွှယ်နေတဲ့အကြောင်း မြန်မာစစ်အုပ်စုကို အဓိက အထောက်အပံ့ပေးနေတဲ့ အမျိုးအစားတွေကိုတော့ ၄ မျိုးသတ်မှတ် ဖော်ပြထားပါတယ်။
ထောက်ပံ့မှုအမျိုးအစားတွေကတော့ စစ်အုပ်စုကို နိုင်ငံတကာဖိုရမ်တွေမှာ မြန်မာနိုင်ငံကိုယ်စား ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ့် သံတမန် ဆက်ဆံရေးနဲ့ လုပ်ဆောင်ချက်တွေကတဆင့် တရားဝင်မှုရရှိစေတဲ့ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှု၊ စစ်အုပ်စုနဲ့ သူရဲ့အကျိုးစီးပွားအတွက် ထမ်းဆောင်ပေးနေသူတွေဆီ အသိပညာနဲ့ ကျွမ်းကျင်မှုတွေ လွှဲပြောင်းပေးနိုင်တဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်ပါတယ်။
ဒါ့အပြင် ဖွံ့ဖြိုးရေးအစီအစဥ်တွေ၊ ချေးငွေထုတ်ပေးမှုတွေ၊ တိုက်ရိုက်ဝယ်ယူမှုတွေ၊ ဒါမှမဟုတ် စစ်အုပ်စုထိန်းချုပ်မှုအောက်က ကုမ္ပဏီတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ သွယ်ဝိုက်ပြီး စီးပွားပူးပေါင်းလုပ်ဆောင်တာတွေ၊ ဒါ့အပြင် စစ်အုပ်စုအတွက် ဘဏ္ဍာရေးနဲ့ မဟာဗျူဟာအရ ထောက်ပံ့ပေးမယ့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကတဆင့် ငွေကြေးပံ့ပိုးမှုတွေနဲ့ စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက ဟိုတယ်ခန်းတွေ၊ ရုံးခန်းတွေနဲ့ အိမ်ရာတွေ ငှားရမ်းတာတွေ ပါဝင်ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခုချိန်ထိ နိုင်ငံတကာ အသိုင်းအဝိုင်းအများစုက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူ ဖြစ်စေတဲ့ ရန်ပုံငွေနဲ့ အရင်းအမြစ်တွေ စီးဆင်းမှုကို အဆုံးသတ်ဖို့ နည်းနည်းလေးပဲလုပ်ထားတာ ဒါမှမဟုတ် လုံးဝ လုပ်ဆောင်မှုမရှိတာကို တွေ့ရပါတယ်။ အခုချိန်မှာ နိုင်ငံခြားအစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့က မြန်မာပြည်သူတွေကို ကူညီဖို့ လျစ်လျူရှုထားရုံသာမကဘဲ၊ မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာနဲ့ ဖိနှိပ်နေတဲ့ စစ်အုပ်စုကို တက်တက်ကြွကြွ ပံ့ပိုးကူညီနေတယ်ဆိုတာက ထင်ရှားပါတယ်။ နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ စစ်အာဏာရှင်တွေကို ဖိတ်ကြားတာကနေ စစ်ဘက်ဆိုင်ရာအရာရှိတွေကို လေ့ကျင့်ပေးတာနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ ဟိုတယ်တွေမှာ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲနေတာ တွေအဆုံး စစ်အုပ်စုအတွက် ပံ့ပိုးကူညီမှုပုံစံအားလုံးဟာ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ပြောပါတယ်။
အစီရင်ခံစာထဲမှာတော့ မြန်မာစစ်အုပ်စုအတွက် နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုတွေကို တရုတ်နဲ့ ရုရှားနိုင်ငံတွေဆီက သိသိသာသာ ထင်ထင်ရှားရှား တိုးမြှင့်ရရှိခဲ့ပြီး ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေကတော့ စစ်အုပ်စုကို အရေးပါတဲ့ ပံ့ပိုးသူတွေအဖြစ် ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးနေတဲ့ ပုံစံ အားလုံးကို ရပ်တန့်ပြီး ချက်ချင်းအရေးယူရေးနဲ့ ပတ်သက်ပြီးတော့လည်း မရတနာမောင်က “မြန်မာစစ်တပ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ရမှာ ဖြစ်ပြီး၊ စစ်အုပ်စု၊ သူရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အပေါင်းအပါတွေအပေါ် ကမ္ဘာလုံးဆိုင်ရာနဲ့ နိုင်ငံချင်းအလိုက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားအစိုးရအားလုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးအနေနဲ့ စစ်အုပ်စုအတွက် ပံ့ပိုးမှုပုံစံ အားလုံးကို ရပ်တန့်ဖို့ ချက်ချင်းအရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။” လို့ ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့အပေါ် ချင်းမိုင်တက္ကသိုလ် ကျောင်းသားကျောင်းသူများ အဖွဲ့အစည်းက ကုလသမဂ္ဂ အကြီးအကဲ၊ ၊ ထိုင်းဝန်ကြီးချုပ်၊ အမေရိကန် သံအမတ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
မနေ့ကရက်စွဲနဲ့ ပေးပို့လိုက်တဲ့စာမှာ မြန်မာစစ်တပ်ရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး နိုင်ငံသားတွေအပေါ် ရက်ရက်စက်စက်သတ်နေတာကို ကျောင်းသားတွေ၊ လူသားတွေအနေနဲ့ စိတ်မချမ်းမြေ့နိုင်ဘူးလို့ ဖော်ပြထားပါတယ်။
အဲ့ဒီအိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ် ၊ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်၊ ထိုင်းဝန်ကြီးချုပ် ပရာရွတ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အထွေထွအတွင်းရေးမှူးချုပ်၊ မဟီဒေါတက္ကသိုလ် လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လေ့လာမှုဌာန ဒါရိုက်တာတို့ဆီကို လိပ်မူထားပါတယ်။
သေဒဏ်ပေးတာကို တချို့အခြေအနေတွေမှာ ဆောင်ရွက်နိုင်ပေမယ့် အခုအချိန်မှာ လူသားတွေရဲ့ အသက်ဟာ အရေးပါပြီး နိုင်ငံရေးသဘောထား ကွဲလွဲတာတွေကြောင့် မစတေးသင့်ဘူးလို့ ဆိုပါတယ်။
ပြီးတော့ စစ်ကောင်စီ လက်အောက်မှာ ရှိတဲ့ တရားရုံးတွေကနေ တက္ကသိုလ်ကျောင်းသား ၇ ယောက်အပေါ် သေဒဏ်ချမှတ်တာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ တခြားသူတွေကိုလည်း သေဒဏ်ပေးတာကနေ ကင်းဝေးစေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ စုပေါင်းဖိအားပေးဖို့ ၊ နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို လွှတ်ပေးဖို့ သူတို့က တောင်းဆိုထားပါတယ်။
ဒါ့အပြင် တရားစီရင်ရေး ကိစ္စတွေ ပွင့်လင်းမြင်သာမှုရှိစေဖို့ ခုံရုံးတွေဟာ အကျဉ်းထောင်တွေမှာ၊ စစ်တန်းလျားမှာ မလုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်။
မြန်မာစစ်ကောင်စီကို စစ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ရပ်တန့်ဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေအ နေနဲ့ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီတွေ ပေးပို့ရာမှာ စစ်ကောင်စီဆီက တဆင့်မဟုတ်ဘဲ မြန်မာပြည်သူတွေဆီ တိုက်ရိုက်ရောက်စေဖို့ သေချာစေအောင်လည်း သူတို့က တောင်းဆိုပါတယ်။
သေဒဏ်ချမှတ်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတွေမှာ သေဒဏ်ချမှတ်တာ အမြစ်ပြတ်စေဖို့ကိုလည်း တောင်းဆိုပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ်ချခံရမှုအပေါ် ထိုင်းနိုင်ငံရောက် မြန်မာအဖွဲ့အစည်းတွေနဲ့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေ ပူးပေါင်းဆန့်ကျင်ဆန္ဒပြပွဲနဲ့ သရုပ်ပြပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဘုရင်သုံးပါးရုပ်တုရှေ့မှာလည်း ဒီဇင်ဘာ ၆ ရက် ညနေက ပြုလုပ်ခဲ့ပါတယ်။
ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံရတဲ့ မြန်မာကျောင်းသာားတွေနဲ့ အတူရပ်တည်ကြောင်း နီပေါကျောင်းသားသမဂ္ဂရဲ့ ကျောင်းသားတွေကလည်း ထုတ်ဖော် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
သေဒဏ်ချခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး အပါအဝင် မြန်မာ လူငယ် ၁၂ ဦးကို အင်းစိန်ထောင်တွင်းမှာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ကွပ်မျက်မယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။