ထိုင်းနိုင်ငံ၊ နောင်ဘိုလမ်းဖူးခရိုင် နားကလန်မြို့ မူကြိုကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူတွေရဲ့ ဈာပနနဲ့ မီးသင်္ဂြိုဟ်တဲ့ အစီအစဉ်ကို အောက်တိုဘာ ၁၁ ရက် ညပိုင်းက နိုင်ငံတော်အခမ်းအနားနဲ့ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။
သေဆုံးသူ ၃၇ ယောက်ရဲ့ အလောင်းတွေကို နားကလန်မြို့ရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းမှာ ခွဲထားပြီး ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ နိုင်ငံရေးပါတီနဲ့ ဌာနဆိုင်ရာရော လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေပါ ဈာပနကို တက်ရောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက ရာ့ဆ်ဒွန်းဆာမတ်ခီး ကျောင်းတိုက်မှာလည်းကောင်း၊ ဒုဝန်ကြီး လတ်ဆနဝိဆစ်က ဝပ်ဆီဥထိုင်းကျောင်းတိုက်မှာလည်းကောင်း၊ ဒုဝန်ကြီး နိုင်းဆူဖတ်ဖုန်းက ဝပ်ထိပ်မုန်းခုန်းချိုင်း ကျောင်းတိုက်မှာလည်းကောင်း အသီးသီး သွားရောက်ပြီး ပန်းတွေချပေးကာ ဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။
ကလေးတွေကို အသုဘမချမီ သူတို့ပြောခဲ့ဖူးတဲ့ ကြီးလာရင် ဖြစ်ချင်တဲ့ဆန္ဒအတိုင်း ဆရာဝန်၊ ဆရာမ၊ စစ်ဗိုလ်၊ ရဲ၊ ကယ်ဆယ်ရေးလုပ်သား စတဲ့ဝတ်စုံလေးတွေ အချိန်မီ ချုပ်လုပ်ပေးပြီး ကလေးတွေကို ဝတ်ဆင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ကစားစရာအရုပ်တွေ၊ စက်ဘီးတွေ၊ လှည်းတွေ၊ အသုံးအဆောင်တွေပါ အလောင်းဘေးမှာ ချထားပေးခဲ့ကြပါတယ်။
ဒီပစ်ခတ်မှုမှာ အမွှာညီအစ်ကို နှစ်ယောက်အပါအဝင် အသက် ၂ နှစ်နဲ့ ၅ နှစ်ကြား ကလေးသူငယ် ၂၄ ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ကိုယ်ဝန် ၈ လ မူကြိုဆရာမ ကိုတော့ ရပ်ရွာထုံးစံအရ ဗိုက်ထဲက ကလေးကို ခွဲထုတ်ပြီး သပ်သပ်စီ သင်္ဂြိုဟ်ပါတယ်။
ကလေးတွေကို မသင်္ဂြိုဟ်မီ အရှေ့က သံဃာတွေဦးဆောင်ကာ မိဘဆွေမျိုးနဲ့ ပရိသတ်တွေက အနောက်ကနေ တန်းစီလှည့်လည်ရင်း ကောင်းရာသုဂတိလားဖို့ ဆုတောင်းခဲ့ကြပါတယ်။
ည ၆ နာရီအချိန် အလောင်းတွေ မီးရှို့တဲ့အချိန်မှာတော့ ကျန်ရစ်သူမိသားစုတွေရဲ့ ငိုသံတွေဟာ သင်္ချိုင်းကုန်းထဲမှာ ဆူညံသွားပါတယ်။
မြေးဆုံးရှုံးခဲ့ရတဲ့ အဘိုးတယောက်ကတော့ သူ့မြေးလေးကို သူတို့မိသားစုထဲမှာပဲ လူဝင်စားပြန်လာဖြစ်ဖို့ ဆုတောင်းကြောင်း၊ မြေးရဲ့အခမ်းအနားကို နိုင်ငံတော်ဈာပနအနေနဲ့ တခမ်းတနား တွေ့ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။
ပစ်ခတ်သတ်ဖြတ်မှုတရားခံ ရဲဝန်ထမ်းဟောင်း နိုင်းပန်းယား ခမ်းလပ်ရဲ့ အလောင်းကိုတော့ နောင်ဘိုလမ်းဖူးခရိုင်ထဲရှိ ဘယ်ကျောင်းတိုက်ကမှ လက်မခံတဲ့အတွက် လူနာတင်ကားပေါ်မှာသာ တင်ထားရပြီး နောက်ဆုံးကျမှ ဥဒွန်းဌာနီခရိုင်ရှိ ကျောင်းတိုက်တတိုက်မှာ သိုသိုသိပ်သိပ် အခမ်းအနားမဲ့ သင်္ဂြိုဟ်လိုက်ပါတယ်။
တရားခံရဲ့ မိခင်ဖြစ်သူမှာလည်း နားကလန်တမြို့လုံးရဲ့ ဖယ်ကြဉ်မှုကို ခံနေရပြီး ရပ်ကွက်ထဲရှိ အိမ်နီးနားချင်းတွေက သူ့မျက်နှာမြင်တိုင်း နာကြည်းနေရလို့ တခြားမြို့ရွာကို ပြောင်းရွှေ့သွားဖို့ မောင်းထုတ်နေကြပါတယ်။
မိခင်ကတော့ သားရဲ့လုပ်ရပ်တွေအတွက် အားလုံးကိုတောင်းပန်ကြောင်း၊ ဘယ်မိဘကမှ ကိုယ့်သားသမီး ဆိုးသွမ်းအောင် သွန်သင်ရိုးထုံးစံမရှိကြောင်း၊ ဝဋ်ကျွေးနဲ့ ကံတရားပဲလို့ သဘောထားပေးဖို့၊ သူ့အနေနဲ့တော့ ဒီအရပ်မှာ မွေးဖွားကြီးပြင်းနေထိုင်လာတာမို့ ဒီနေရာကလွဲလို့ တခြားနေစရာမရှိလို့ ဆက်နေခွင့်ပြုဖို့ အသနားခံထားပါတယ်။
ရဲဝန်ထမ်းဟောင်း နိုင်းပန်းယား ခမ်းလပ် ဆိုသူမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ လက်ဝယ်ထားရှိမှုကြောင့် အလုပ်ဖြုတ်ခံရပြီး အိမ်ထောင်ရေးပြဿနာတွေလည်းရှိလို့ စိတ်ဖိစီးကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က မူကြိုကျောင်းနဲ့ အရပ်ထဲ ပစ်ခတ် ရမ်းကားတာကြောင့် ကလေးအများစုနဲ့ လူကြီးတွေရော၊ သူ့ရဲ့သား၊ ဇနီးနဲ့ သူကိုယ်တိုင် အပါအဝင် စုစုပေါင်း လူ ၃၈ ယောက် သေဆုံးခဲ့ပါတယ်။
Photo- 3 PlusNews/ WorkpointTODAY
လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ဂုဏ်ပြုတဲ့ နိုင်ငံတော်ဈာပန မစတင်ခင် နာရီပိုင်းအလိုမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၂၇ ရက်က တိုကျိုမြို့ရဲ့ လမ်းတွေပေါ်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
‘နိုင်ငံတော်ဈာပန မဟုတ်ဘူး’လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင် ကြွေးကြော်ခဲ့ပါတယ်။ လူထုစည်းဝေးပွဲကို ပန်းခြံတခုမှာ ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ လူစုလူဝေးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
သာမန်ပြည်သူတွေအတွက် စီးပွားရေး အထိနာနေချိန်မှာ ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နိုင်ငံတော်ဈာပန အခမ်းအနားဖြစ်တဲ့ အာဘေးရဲ့ ဈာပနမှာ ဒေါ်လာ ၁၁ ဒသမ ၅ သန်းတန် အကျွေးအမွေးကို နိုင်ငံတော်က စရိတ်ကျခံပေးဆောင်ခဲ့ကြောင်း အတိုက်အခံတွေက ပြောပါတယ်။
ဇူလိုင် ၈ ရက် မဲဆွယ်စည်းရုံးပွဲမှာ အာဘေး လုပ်ကြံခံရမှုမှာ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) မှ လွှတ်တော်အမတ်တွေနဲ့ ဘာသာရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ယူနီဖှီကေးရှန်း အသင်းတော်တို့ကြား ဆက်ဆံရေးကို ထုတ်ဖော်ပြောဆိုမှုတွေ များပြားခဲ့ပါတယ်။
လက်ရှိဝန်ကြီးချုပ် Fumio Kishida ကို ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။