close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်

close

June 7, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူနေမိသားစု ဆေးဝါးနှင့်ရိက္ခာလိုအပ်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူနဲ့အတူနေမိသားစုတွေ ရိက္ခာနဲ့ဆေးဝါးအတွက် ငွေကြေး လိုအပ်နေတဲ့အတွက် စီစဉ်ပေးဖို့ ဒီနေ့ ဇွန်လ ၇ ရက် ရုံးချိန်းမှာ ရှေ့နေနဲ့ တွေ့ဆုံစဉ် မှာကြားခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“ပြည်သူတွေ ကျန်းမာအောင်နေဖို့ အဓိကမှာတယ်။ အတူနေတဲ့မိသားစုမှာလည်း ငွေနည်းနေပြီလို့ ပြောတယ်။ ကျမတို့ ဆောင်ရွက်ပေးနိုင်ရင် ဆောင်ရွက်ပေးပါလို့ မှာတယ်။ နောက်ပြီး ဆေးဝါးလေးတွေ လိုအပ်တယ်။ သက်ဆိုင်ရာဌာနကတော့ ပြောပါတယ်။ သူတို့ စီစဉ်ပေးမယ်လို့။ ဒါပေမဲ့ အမေက မလိုချင်ဘူး။ မလိုချင်တဲ့အတွက် ကျမတို့ကို စီစဉ်ပေးနိုင်ရင် စီစဉ်ပေးပါလို့ ပြောပါတယ်။ ပမာဏကတော့ လောလောဆယ်လက်ထဲမှာ သိန်းငါးဆယ်လောက်ရှိမှ အဆင်ပြေမယ်လို့ ပြောပါတယ်။ ရိက္ခာနဲ့ပတ်သက်တာတွေ ပုံမှန်ပို့ပေးလို့ရအောင်လည်း တောင်းဆိုပါတယ်။ ကျမတို့ ရှေ့နေတွေဘက်ကတော့ တတ်နိုင်သလောက် ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပါတယ်။ နှစ်ပတ် တခါ ရိက္ခာလိုအပ်တယ်။ သုံးစရာငွေလည်း နည်းနေတဲ့အတွက် စီစဉ်ပေးပါလို့ ကျမတို့ကိုမှာတာပါ။ သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့မှ လာပို့ပေးဖို့ ပြောပါတယ်။ တာဝန်ရှိတဲ့လူကြီးတွေနဲ့ တွေ့ပြီးတော့မှ အမေကိုယ်တိုင်လည်းပြောပါတယ်” လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို  ၆ လအတွင်း အပြီးစစ်ဖို့ ယေဘုယျ သဘောတူထားတယ်လို့ ဒီနေ့ ဇွန်လ ၇ ရက် ရုံးချိန်းအပြီးမှာ သူတို့ရဲ့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ သူတို့ ၃ ယောက်စလုံး  ရှေ့နေတွေနဲ့  မိနစ် ၃၀ ကြာတွေ့ဆုံခွင့်ခဲ့ပြီး သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ၆ လ( ရက်ပေါင်း၁၈၀)အတွင်း အပြီးစစ်ဖို့အတွက် ကနဦးမှုခင်းစီမံခန့်ခွဲရေး ဆုံးဖြတ်ချက်အရ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ ကတည်းက တရားစွဲဆိုထားတာဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ အမှုနဲ့ပတ်သက်ပြီး  မစစ်ဆေးရသေးပါဘူး။

ရက်ပေါင်း ၁၈၀ အတွင်းအမှုကို အပြီးသတ်စစ်ဆေးရမှာ ဖြစ်တဲ့အတွက် တရားလိုပြသက်သေတွေကို ဇွန်လ ၂၈ ရက် နောက်ဆုံးထား စစ်ဆေးမှာဖြစ်ပြီး အမှုကို ဇူလိုင်လ ၂၆ ရက်နေ့ နောက်ဆုံးထားကာ အပြီးစစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်နေပြီး ပန်းတော့ မပန်ထားဘူးလို့ရှေ့နေ တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နဲ့ သုံးဦးသီးခြား တွေ့ဆုံခွင့်ရဖို့ကိုလည်း တရားရုံးမှာတောင်းဆိုခဲ့ပါတယ်။

“ပန်းတော့မပန်ထားပါဘူး။ ဆံညှပ်လေးနဲ့ ဆံပင်ကို ညှပ်ထားပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ လန်းလန်းဆန်းဆန်းပါပဲ။ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နဲ့ သုံးဦးတွေ့ဆုံခွင့်ကိုလည်း တောင်းပါတယ်။ အမှုတွဲတစ်ခုတည်းဖြစ်လို့ တွေ့ဆုံပြီး စကားပြောခွင့်ရဖို့ တောင်းတဲ့အခါမှာ တရားသူကြီးက သက်ဆိုင်ရာ ထိန်းသိမ်းထားတဲ့သူတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ပါလို့ ပြောပါတယ်။ ကျမတို့ အဲဒါကိုလည်း ထိန်းသိမ်းထားတဲ့သူတွေအားလုံးနဲ့ စုပြီးတော့မှ တောင်းဆိုခဲ့ပါတယ်” လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေး အန္တရာယ်အက်ဥပဒေအပါအဝင် ပုဒ်မ ၅ ခုနဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုထားတာဖြစ်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုတွဲအပြင် သီးခြားပုဒ်မတွေနဲ့လည်း စစ်ကောင်စီက တရားစွဲထားပါတယ်။

6 mins Ago

February 3, 2021

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့် ရမန်ယူ

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅နဲ့ အမှုဖွင့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်ထားကာ ဇမ္ဗူသီရိမြို့နယ်တရားရုံးက ချုပ်ရက် ရမန်ပေးထားတယ်လို့ အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက  အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀  ရက်က နေပြည်တော်မှာ အန်အယ်လ်ဒီ ခရိုင် ပါတီဥက္ကဋ္ဌ ဦးမင်းသူ ခေါင်းဆောင်ပြီး ဆိုင်ကယ်နဲ့ ကားတွေအပါအဝင် လူ ၇၆၀ လောက်နဲ့ ကားကမ်ပိန်းလုပ်ခဲ့တာကို သမ္မတ အိမ်တော် ပေါက်ဝကနေ သမ္မတ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ဆက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ရဲမှူး မြင့်နိုင်က တရားလိုပြုလုပ်  တရားစွဲဆိုလိုက်တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေ စစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံဖို့  သမ္မတ  ဦးဝင်းမြင့်ကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ချုပ်နှောင်ခွင့်ပြုဖို့ ရမန်တောင်းခဲ့တာ လို့ သိရပါတယ်။

အလားတူ  စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်က နေပြည်တော်ရှိ   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို  ဗိုလ်မှူးလင်းထွဋ် ဦးစီးတဲ့အဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ ICOM စကားပြောစက် ၁ လုံး ဂိတ်ကင်းမှာ စကားပြောစက် ၃ လုံး၊ ကိုယ်ရေးအရာရှိအဆောင်မှာ စကားပြောစက် ၁ လုံးနဲ့ JUMBER တစ်စုံတွေ့ရှိရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးကြည်လင်က တရားလိုပြုလုပ် တရားစွဲဆိုလိုက်တာလို့ သိရပါတယ်။ 

ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေ စစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို  ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ချုပ်နှောင်ခွင့်ပြုဖို့ တောင်းခံထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က အွန်လိုင်းကတစ်ဆင့် ရုံးတင်စစ်ဆေးခဲ့တယ်လို့  သတင်းထွက်ပေါ်နေပြီး ဒီတင်းကို ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ - သမတရုံး

4 months Ago
Up