close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

close

March 13, 2023

နိုင်ငံ့ခေါင်းဆောင် ၂ ဦး၏ အယူခံအမှု စစ်ကောင်စီတရားရုံးပယ်ချ၊ အထူးအယူခံဆက်တက်မည်

နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်စုကြည်တို့အပေါ် စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့စွပ်စွဲ တရားစွဲဆိုပြီး ပြစ်ဒဏ်အမိန့်ချလိုက်တဲ့အမှုတွေကို ပြည်ထောင်စုတရားလွှတ်ချုပ်မှာ အယူခံတင်ထားတာ ပလပ်ခံရတယ်လို့ တရားရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

စွပ်စွဲခံရသူတွေဘက်ရှေ့နေတွေက  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အမှုတွေ၊ ၅၀၅(ခ)အမှု၊ သဘာ၀ဘေးအမှုတွေ၊ ဆက်သွယ်ရေးအမှု၊ ပို့ကုန်သွင်းကုန်အမှုတွေကို အယူခံတင်ထား ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဥပေဒေရးရာဌာနက လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အမှုတွေက ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းဆည်းဖို့ ပြင်ဆင်မှုတင်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နှစ်ဖက်စလုံးရဲ့ တင်ထားတာတွေကို ပယ်ချလိုက်တာလို့ သိရပါတယ်။

“ဖေဖော်ဝါရီ ၂၂ ရက်ကတည်းက နှစ်ဖက်လုံးက တင်တဲ့ဟာတွေကို ပယ်လိုက်တာ။ သူတို့ဟာတွေ ပယ်တာကတော့ ဥပဒေနဲ့အညီ ပယ်တာပေါ့ဗျာ။ ဒီဘက်ကတင်တဲ့ဟာတွေ ပယ်တာကတော့ သိပ်တော့ မကောင်းဘူး။ ဘာမှမဆိုင်တာတွေကိုဗျာ၊ ဒါကလည်း သူတို့က လုပ်မှာပဲ။ သူတို့ လက်အောက်ခံ တရားရေးအဖွဲ့အစည်းတွေပဲကို” လို့ တရားရေးအ သိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခုလို့ အယူခံပယ်ချခံရတဲ့အတွက် အမှုသည်တွေရဲ့ ညွှန်ကြားချက်အရ နောက်တဆင့်အနေနဲ့ အထူးအယူခံဆက်တင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အယူခံပဲဖြစ်ဖြစ်၊ ပြင်ဆင်ပဲဖြစ်ဖြစ် ပယ်ချခံလိုက်ရပြီဆိုရင် နောက်တဆင့်က အထူးပဲရှိတော့တယ်။ အဲဒါကြောင့် အထူးအယူခံဆက်တက်မယ်။ အဲဒါကို တချို့တွေက မနိုင်မှန်းသိလျှက်နဲ့ ဘာလို့ဆက်တက်တာလည်း ပြောတာတွေရှိတယ်။ ဘာလို့ ဆက်တက်လည်းဆို သူတို့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးကို ကမ္ဘာကသိစေချင်လို့ တက်ကြတာလို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။

အခုလို အထူးအယူခံဆက်တက်ဖို့အတွက် အမှုသည်တွေနဲ့ တွေ့ဆုံခွင့်ရဖို့အတွက်ကို ရှေ့နေတွေဘက်က တွေ့ခွင့်တောင်းထားပေမဲ့  စစ်ကောင်စီဘက်က အခုအချိန်ထိ တွေ့ခွင့်မပေးသေးဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ တရားစွဲကာ ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ အကျဉ်းချထားသလို နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကိုလည်း တောင်ငူထောင်ပို့လိုက်ပြီး မိသားစု၀င်တွေနဲ့လည်း တွေ့ခွင့်ပေးဘူးလို့ သိရပါတယ်။

13 hours Ago

November 12, 2021

ဒေါ်လာနှင့် ရွှေချောင်းများ ပြင်ဆင်ပေးခဲ့ဟု ဦးဖြိုးမင်းသိန်း၏ ဇနီးဒေါ်ခင်မိမိကြွယ် သက်သေထွက်ဆို

လာဘ်ထိုးဖို့အတွက် ဒေါ်လာနဲ့ ရွှေချောင်းတွေ ပြင်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဒေါ်ခင်မိမိကြွယ်က ဒီကနေ့ နိုဝင်ဘာ ၁၂ရက်နေ့ တရားခွင်မှာ သက်သေထွက်ဆိုခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု အမှတ်  (၂) ဖြစ်တဲ့  ရွှေချောင်းတွေနဲ့ ဒေါ်လာတွေရယူခဲ့တယ်ဆိုတဲ့ အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်က ဒီကနေ့ တရားလိုပြသက်သေ အဖြစ်ထွက်ဆိုခဲ့တာပါ။

ဒေါ်ခင်မိမိကြွယ်က သူ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေချောင်းတွေကို ပြင်ဆင်ပေးခဲ့ရတယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ အောက်တိုဘာ ၁ ရက်နေ့ထွက်ဆိုချက်ကို အတည်ပြုပေးဖို့ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်လာနဲ့ရွှေချောင်းတွေ အဆင်သင့်ဖြစ်တဲ့အချိန်နဲ့ သွားပေးတဲ့အချိန်တွေကိုတော့ ရက်စွဲအတိအကျနဲ့ ဒေါ်ခင်မိမိကြွယ်က ထွက်ဆိုခဲ့တာမရှိဘူးလို့သိရပါတယ်။  ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို ဦးဖြိုးမင်းသိန်းသွားရောက်ရာမှာလည်း ဒေါ်ခင်မိမိကြွယ် လိုက်ပါသွားတာမရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ရုံးချိန်းမှာ  တုံ့ပြန်ပြောဆိုထားပါတယ်။

အဂတိလိုက်စားခဲ့တယ်ဆိုတဲ့  ရွှေနဲ့ ဒေါ်လာတွေ ဘယ်မှာလဲဆိုတာကိုတော့ စစ်ကောင်စီက   သက်သေပြနိုင်ခြင်းမရှိသေးသလို လာဘ်ပေးခဲ့တဲ့   ဦးဖြိုးမင်းသိန်းကိုလည်း အရေးယူတာ မရှိပါဘူး။ 

နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ အတိုင်ပင်ခံကိုစွဲဆိုထားတဲ့ အဂတိအမှု အမှတ်  ၂နဲ့ ၅ကို စစ်ဆေးခဲ့ပြီး အမှတ်  ၃နဲ့ ၄ အမှုတွေကိုတော့ မစစ်ဆေးနိုင်ခဲ့ပါဘူး။

ဒီနေ့ ရုံးချိန်းမှာ အဂတိအမှုနံပတ် ၅အတွက် နေပြည်တော်လူမှုဖူလုံရေး ကော်မတီအင်ဂျင်နီယာတစ်ယောက်က တရားလိုပြသက်သေအဖြစ်ထွက်ဆိုခဲ့ပါတယ်။

အမှုအမှတ်  ၃ နဲ့ ၄ အတွက် တရားလိုပြသက်သေတွေရောက်လာတာမရှိတဲ့အတွက် တရားရုံးက မစစ်ဆေးနိုင်ခဲ့ပါဘူး။ အမှု ၄ ခုစလုံးကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

တရားရုံးအစဉ်အလာအရ တရားလိုနဲ့လိုပြသက်သေတွေကို စစ်ဆေးပြီးမှ စွပ်စွဲခံရသူဘက်ကို ပြန်လည်စစ်မေးတာဖြစ်ပါတယ်။ အဂတိအမှုလေးခုစလုံးအတွက် တရားလိုနဲ့လိုပြသက်သေတွေကို စစ်မေးတဲ့အဆင့်မှာပဲရှိနေသေးပြီး သူတို့ကို စစ်မေးပြီးမှ စွပ်စွဲခံရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လည်စစ်မေးမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှု ၄ မှုအတွက် မန္တလေးတိုင်းတရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး နေပြည်တော်မှာ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၄ မှုအပါအဝင် စစ်ကောင်စီစွဲဆိုထားတဲ့ အမှု ၁၁ မှုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။

1 year Ago
Up