close

နိုင်ငံတော်အတိုင်ပင်ခံ

close

February 14, 2023

သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့၏ အမှုတွဲများ အယူခံထပ်တင်

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်တို့အပေါ် ပုဒ်မမျိုးစုံနဲ့ စွပ်စွဲတရားစွဲဆိုကာ အမိန့်ချခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဖေဖော်ဝါရီ ၁၄ ရက်က အယူခံတင်ခဲ့တယ်လို့ တရားရေးနဲ့ပတ်သက်တဲ့ အသိုက်အဝန်းက သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အမှု ၅ မှု၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အမှုတွေ ဒီနေ့ အယူခံတင်ခဲ့တယ်လို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နောက်ထပ် အယူခံထပ်တင်မယ့်အမှုတွေလည်း ရှိသေးသလို အရင်တင်ထားတဲ့ အယူခံအမှုတွေနဲ့ ပတ်သက်လို့လည်း မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက်မှာ နှစ်ဖက် ကြားနာမယ်လို့လည်း သိရပါတယ်။

“မနက်ဖြန်မှာ အရင်အယူခံတင်ထားတဲ့အမှု ၁၀ မှုလားမသိဘူး ရှိတယ်။ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့အမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အမှုတွေ၊ အဲဒါတွေကို နှစ်ဖက်ကြားနာမယ်” လို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဥပဒေရေးရာဌာနကလည်း လရောင်တောစီမံကိန်းနဲ့ ပတ်သက်တဲ့ အမှုတွေက ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းဆည်းဖို့ ပြင်ဆင်ချက် တင်ထားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုစုစုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အမှုအသီးသီးအတွက် အမိန့်ချကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ဆက်ထားသလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ တောင်ငူထောင် ပို့လိုက်တယ်လို့ သိရပါတယ်။

12 hours Ago

August 16, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ၃ ဦးကို တရားစွဲထားသည့်အမှု ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်တို့ သုံးဦးရဲ့ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ရှေ့နေက ပြောပါတယ်။

“ရုံးချိန်းက ၂၃ ရက်နဲ့ ၂၄ ရက်ကို ရွှေ့လိုက်တယ်။ ကျန်တာတော့ ဘာမှမထူးဘူးရှင့်၊ သူတို့ ဒါပဲပြောပါတယ်။အမေတို့နဲ့ကတော့ အဆက်အသွယ်မရဘူးပေါ့” လို့ ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

အခုလို ရုံးချိန်းတွေ ရွှေ့ဆိုင်းတာကြောင့် နိုင်ငံ့ခေါင်းဆောင်တွေနဲ့တွေ့ခွင့်မရပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ပစ္စည်းတွေ ပို့ပေးထားတယ်လို့ ပြောပါတယ်။

“ကြားထဲမှာတော့ ပို့ထားပြီးပါပြီ။ ရှေ့အပတ်တွေတုန်းက ပို့ထားပြီးပါပြီ။ လူကတော့မတွေ့ရပါဘူး။ ပစ္စည်းတွေကို ဒီအတိုင်း ရဲတွေကတဆင့်ပို့ရတာပါ ” လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ နှစ်မှု၊  ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပုဒ် မ ၅၀၅(ခ) ၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃ ၊ အဂတိလိုက်စား မှုပုဒ်မတွေနဲ့စစ်ကောင်စီက တရားစွဲဆို ထားပါတယ်။

နိုင်ငံတော်သမ္မဦး၀င်းမြင့်ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ၊ ပုဒ်မ ၅၀၅(ခ)တို့နဲံ စွဲဆိုထားသလို နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်ကိုလည်း ပုဒ် မ ၅၀၅(ခ) နဲ့ စွဲဆိုထားပါတယ်။

1 year Ago
Up