ဘိုလီးဗီးယားနိုင်ငံမှာ နိုင်ငံရေးတင်းမာမှု တိုးနေချိန် သယ်ယူပို့ဆောင်ရေးနဲ့ လက်လီ အရောင်းစျေးသည်များသမဂ္ဂက တရားမဝင်အမြတ်အစွန်းတွေနဲ့ အကြမ်းဖက်သူတွေကို ဘဏ္ဍာငွေထောက်ပံ့မှု နှိမ်နင်းရေးဥပဒေကို နိုဝင်ဘာ ၈ ရက်မှာ ဆန္ဒပြကြပါတယ်။
ဝေဖန်သူတွေကတော့ အစိုးရက ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ လှည့်ဖြားတဲ့ ဥပဒေလို့ ပြောဆို စွပ်စွဲနေကြပါတယ်။
အာဏာကို ဗဟိုကနေ ချုပ်ကိုင်ရင်း သဘောထား ကွဲလွဲသူတွေကို နှိမ်နင်းဖို့ ဆိုရှယ်လစ်အစိုးရက ဥပဒေတွေနဲ့ တရားရေးစနစ်တွေကို သုံးနေတယ်လို့ အတိုက်အခံ အရပ်ဘက်နဲ့ နိုင်ငံရေးအုပ်စုတွေ၊ ထောင်နဲ့ချီတဲ့ သမဂ္ဂအဖွဲ့ဝင်တွေက ပူးပေါင်းသပိတ်အတွင်း စွပ်စွဲကြပါတယ်။
မြေနိမ့်လွင်ပြင်က စန်တာခရုဇ်မြို့မှာတော့ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားပြီး ယာဉ်မောင်းတွေကလည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားပါတယ်။
ဒီသပိတ် ကျယ်ပြန့်လာပေမဲ့ အစိုးရနဲ့ ပိုနီးနီးကပ်ကပ် မိတ်ဖက်ပြုထားတဲ့ ဗဟို အိုဘရီရာ ဘိုလီဗီယာနာသမဂ္ဂရဲ့ အထောက်အပံ့ကိုတော့ မရပါဘူး။
တနင်္ဂနွေနေ့က အောက်လွှတ်တော်အတွင်း အမတ်တွေကြား ရန်ပွဲဖြစ်ခဲ့ပြီး လက်ရှိ အာဏာရပါတီ က ဥပဒေပြုရေးအာဏာကို သိမ်းဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံတွေက ပြောပါတယ်။
ဘိုလီးဗီးယား ပြည်ထဲရေးဝန်ကြီး အက်ဒွါဒိုဒယ်လ် ကတ်စ်တယ်လိုက သပိတ်ကို နှိမ့်ချပြောဆိုပြီး နိုင်ငံအစိတ်အပိုင်း အများအပြားမှာ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေတယ်လို့လည်း အစိုးရ ရုပ်သံကို ပြောပါတယ်။