ရခိုင်ပြည်နယ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော်အမတ်ဟောင်း နှစ်ယောက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ်ဟောင်းတချို့တို့ နိုင်ငံရေးပင်စင်ခံစားခွင့်မရရှိဘူးလို့ ကာယကံရှင်တွေထံက သိရပါတယ်။
အမှုဖွင့်ခံထားရလို့ နိုင်ငံရေးပင်စင်ခံစားခွင့်မရတဲ့ ANP လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှစ်ယောက်ကတော့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသန်းမောင်ဦးနဲ့ ဘူသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံတို့ ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက “စစ်ကောင်စီကပေးတဲ့ နိုင်ငံရေးပင်စင်ခံစားခွင့်မရရှိဘူး။ ၆၆(ဃ)နဲ့ အမှုဖွင့်ခံခဲ့ရတာကို ရဲကပြည်ထဲရေးဌာနကို တင်ပြလိုက်တာ။ အဲ့ဒါကြောင်းမရတာ။ ရမ်းဗြဲကပြည်နယ်လွှတ်တော်အမတ်လည်း မရဘူး။ နောက် အန်အယ်လ်ဒီ အမတ်တွေလည်း မရကြဘူး။"လို့ ပြောပါတယ်။
လွှတ်တော်အမတ် ဦးမောင်ကျော်ဇံဟာ ၂၀၁၉ ခုနှစ်က ကင်းတောင်မွတ်ဆလင်ကျေးရွာမှာ လက်ကြီးကျပြီး ကျောင်းသားတွေသေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ အေအေကပစ်တာမဟုတ်ဘဲ စစ်တပ်က ပစ်တာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့လို့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံခဲ့ရတာပါ။
ရမ်းဗြဲအမတ် ဦးသန်းမောင်ဦးကတော့ ပညာရေးအောင်ချက်တွေ မှားယွန်းစွာ လူမှုကွန်ရက်မှာ တင်ခဲ့တယ်ဆိုပြီး ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံရတာပါ။
နိုင်ငံရေးပင်စင်ပေးရာမှာ (စစစ)၊ (SP) နဲ့ ရဲတပ်ဖွဲ့က လွှတ်တော်အမတ်အမတ်တွေ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံပြီးမှသာ နိုင်ငံရေးပင်စင်ထုတ်ပေးတာဖြစ်တယ်လို့ အမတ်ဟောင်းတွေထံက သိရပါတယ်။
NLD အမတ်ဟောင်းတစ်ဦးကတော့ "တစ်နိုင်ငံလုံး NLD အမတ်အများစု နိုင်ငံရေးပင်စင်မရကြဘူးလို့ သိရတယ်။ CDM နဲ့ ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိတဲ့ အမတ်တွေတော့ ရကြတယ်"လို့ ပြောပါတယ်။
နိုင်ငံရေးပင်စင်ပေးရာမှာ ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ကျပ် သိန်း ၅၀ ၊ ပြည်နယ်နဲ့ တိုင်းဒသကြီးလွှတ်တော်အမတ်တွေကို ကျပ် ၂၅ သိန်း စီပေးအပ်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၅ ယောက်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် လူပေါင်း ၉၀၆ ယောက်ကို နိုင်ရေးပင်စင်အဖြစ် ငွေကျပ် သန်း ၄၀၄၀ ပေးအပ်ခဲ့ကြောင်း သြဂုတ် ၁၆ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် ၂၁၇ ယောက် အပါအဝင် တခြားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီဝင်မဟုတ်တဲ့ တသီးပုဂ္ဂလတွေအပါအဝင် စုစုပေါင်း ၄၉၁ ယောက်ကို နိုင်ငံရေးပင်စင်ငွေကျပ် သန်းပေါင်း ၄၀၄၀ ကျော်ပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပင်စင်အဖြစ် ငွေကျပ် သန်းပေါင်း ၄၀၄၀ ကျော် ပေးခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက ဩဂုတ် ၁၆ ရက်ညမှ ထုတ်ပြန်လိုက်တာပါ။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၉ ယောက်၊ ပြည်နယ်နဲ့တိုင်းအဆင့် ပုဂ္ဂိုလ် အယောက် ၅၀၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅၂ ယောက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈၈ ယောက်၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်ကိုယ်စားလှယ် ၁၉၂ ယောက်တို့ကို သူတို့လစဉ်ရတဲ့ ချီးမြှင့်ငွေကို အခြေခံပြီး တလုံးတခဲတည်း ချီးမြှင့်ငွေပေးတာ လို့ဆိုပါတယ်။
ဒီလို ပင်စင်ရဖို့ လျှောက်ထားရတယ်လို့လည်း သတင်းမှာဖော်ပြထားပြီး ကျန်နေသေးတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကိုလည်း နိုင်ငံရေးပင်စင် ပေးးနိုင်ဖို့ စိစစ်နေတယ်လို့ဆိုပါတယ်။
နိုင်ငံရေးပင်စင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အန်အယ်လ်ဒီပါတီက ၂၁၇ ယောက်၊ ကြံ့ခိုင်ရေးပါတီက ၉၈ ယောက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄၃ ယောက်၊ ရခိုင်အမျိုးသားပါတီက ၃၉ ယောက်၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်ပါတီက ၅ ယောက်၊ တအားင်(ပလောင်)အမျိုးသားပါတီက ၆ ယောက်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၃ ယောက်၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ၄ ယောက်စီပါဝင်ပါတယ်။
မွန်အမျိုးသားပါတီနဲ့ ကိုးကန့် ဒီမိုကရေစီနဲ့ညီညွတ်ရေးပါတီတို့ကတော့ ၂ ယောက်စီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ကရင်ပြည်သူ့ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ၁ ယောက်စီဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ နိုင်ငံရေးပါတီဝင်မဟုတ်သူ ၄၃ ယောက်နဲ့ တသီးပုဂ္ဂလ ၁၃ ယောက်ပါတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အခုလို ထုတ်ပြန်ထားပေမဲ့ လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံရေးပင်စင်ငွေတွေကို အမှန်တကယ် ထုတ်ယူခွင့်ရတယ် မရဘူးဆိုတာကတော့ မသိရသေးပါဘူး။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကုန်ဆုံးပြီး တတိယအကြိမ် လွှတ်တော်သက်တမ်း ပြန်စမယ့်အချိန်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့တာဖြစ်ပြီး ရွေးကောက်ခံ အန်အယ်လ်ဒီလွှတ်တော်အမတ် အများအပြား ဖမ်းဆီးခံရ၊ နေရပ်စွန့်ခွာထွက်ပြေးနေရတာ ဖြစ်ပါတယ်။