close

နိုင်ငံရေး‌လောက

close

December 31, 2022

နိုင်ငံခေါင်းဆောင် ၂ ဦးကို ထောင်ဒဏ်ချမှတ်မှု နိုင်ငံရေး‌လောကမှ ဖယ်ထုတ်ရန် ကြိုးပမ်းမှုဖြစ်ဟု အီးယူတုံ့ပြန်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက ထောင်ဒဏ်တွေထပ်မံ  စီရင်လိုက်တာဟာ နိုင်ငံရေး‌လောကမှ ဖယ်ထုတ်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုဖြစ်ပြီး  လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ဥရောပသမဂ္ဂ အီးယူက ဒီဇင်ဘာ ၃၀ ရက်မှာ ကြေညာပါတယ်။

နိုင်ငံတော်သမ္မတနဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီရဲ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက မနေ့က  ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး  ဥရောပသမဂ္ဂ (အီးယူ) ပြောရေးဆိုခွင့်ရှိသူက   ထုတ်ပြန်လိုက်တာပါ။ 

နိုင်ငံခေါင်းဆောင်နှစ်ဦးအပေါ် စစ်ကောင်စီက အပြီးသတ် စီရင်ချက်မှတ်လိုက်တာနဲ့ ပတ်သက်ပြီး  ဒီစစ်ဆေးစီရင်မှုတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်း  ဒါမှမဟုတ် လိုအပ်တဲ့ တရားစီရင်ရေးဆိုင်ရာ အာမခံချက်တွေကို လေးစားလိုက်နာခြင်းမရှိခဲ့ဘဲ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို  နိုင်ငံရေး‌လောကမှ ဖယ်ထုတ်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ ကြေညာချက်မှာပြောပါတယ်။

ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံတွင်း ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထပ်မံ ထင်ဟပ်နေကြောင်းနဲ့ ဒါဟာ လွန်ခဲ့တဲ့ ၁၃ လတာကာလအတွင်း နိုင်ငံရေးလှုံ့ဆော်မှုသက်သက်နဲ့ တရားစီရင်ခဲ့တာတွေ အပြီးသတ် နိဂုံးချုပ်ခဲ့တာလို့ ဆိုပါတယ်။ 

ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဖက်လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုမှသာလျှင် တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ နက်ရှိုင်းတဲ့ အကျပ်အတည်းမှ လွတ်မြောက်နိုင်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်နိုင်မယ်လို့ ဆိုပါတယ်။ 

မတရားဖမ်းဆီးထိန်းသိမ်းခံထားရတွေအတွက် အလွန်စိုးရိမ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း  ဥရောပသမဂ္ဂက ထပ်မံ တောင်းဆိုထားပါတယ်။

12 hours Ago
Up