close

နိုင်ဟံသာ

close

December 28, 2022

မွန်အမျိုးသားလူငယ်များနေ့ပွဲ ကျင်းပ၊ နိုင်ငံရေးပြဿနာကို ညင်သာစွာ အဖြေရှာမည်ဟု နိုင်ဟံသာ ပြော

မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပြဿနာကို  ညင်သာစွာ အဖြေရှာသွားမယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားလိုက်ပါတယ်။

မွန်အမျိုးသားလူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ထားဝယ်ခရိုင် ရေးချောင်းဖျားဒေသ ညီစားမှာ  ဒီဇင်ဘာ ၂၈ ရက် မနက်က ကျင်းပရာမှာ ပြောကြားလိုက်တာပါ။

မွန်တမျိုးသားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ မွန်လူငယ်တွေရဲ့သမိုင်းတွေဟာ ရှေ့ဆက်လက်ဆင့်ကမ်းမယ့်အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ပုံဖော်ပြီး ထောက်အကူပြုသွားဖို့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပြဿနာကို ညင်သာစွာ အဖြေရှာသွားမယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ထည့်သွင်းပြောကြားလိုက်ပါတယ်။

မွန်ပြည်နယ်မှာအခြေစိုက်တဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်ဒေသ ကာကွယ်ရေးတပ်တွေကရော မွန်အရပ်ဖက်အဖွဲ့စည်းတွေကပါ လက်ရှိသွားနေတဲ့ မွန်ပြည်သစ်ပါတီဘက်က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အရာတွေကို အခုအချိန်မှာ ပွင့်လင်းမြင်သာဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

မွန်လူငယ်အမျိုးသားနေ့ဟာ မွန်လူမျိုးတွေရဲ့ ချစ်ခင်ရင်းနှီးမှု အပြန်လှန်လေးစားမှုတွေ မွန်လူမျိုးတွေရဲ့ စာပေယဥ်ကျေးမှုတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်။

အခမ်းအနားမှာ မွန်အမျိုးသားအလံကို အလေးပြုကြပြီးတော့ မွန်သံဃာတော်တွေ မွန်ပြည်သစ်ပါတီဝင်တွေ၊ မွန်ပြည်နယ်က မွန်အရပ်ဘက်လူမှုအဖွဲ့စည်းတွေနဲ့ မွန်လူငယ်တွေက တက်ရောက်ခဲ့ကြပါတယ်။

4 mins Ago

January 5, 2020

မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်နေရာ အပြောင်းအလဲဖြစ်

မွန်ပြည်သစ်ပါတီ NMSP ရဲ့ ၁၀ ကြိမ်မြောက် ညီလာခံကို ရေးချောင်းဖျားရှိ ပါတီဌာနချုပ်မှာ ကျင်းပနေပြီး ပါတီဥက္ကဋ္ဌအဖြစ် နိုင်ဟံသာကို ရွေးချယ်လိုက်တယ်လို့သိရပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့မှာ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ အရန်ကော်မတီဝင်တွေကို အသစ်ပြန်လည်ရွေးချယ်လိုက်ခဲ့တာပါ။ အသစ်ပြန်လည် ရွေးချယ်လိုက်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့မှာ ပါတီဥက္ကဋ္ဌအဖြစ်  နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညားမဲ့စန်း၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေအဖြစ် နိုင်လယီကောင်း၊ နိုင်အေးမွန်၊ နိုင်ဗညားလယ်၊ နိုင်အောင်မငေးတို့ကို ရွေးချယ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင် အရင်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ကိုတော့ မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစထားရှိဖို့ ၁၀ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။  မွန်ပြည်သစ်ပါတီရဲ့ အရင် စစ်ဦးစီးချုပ် နိုင်လယီကောင်းမှာတော့ စစ်သက် ပြည့်မြောက်သွားလို့ စစ်ဦးစီးချုပ်က အနားယူခဲ့ပေမယ့် အရပ်ဘက်အုပ်ချုပ်ရေးမှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်အဖြစ် ပြန်လည် ပါဝင်လာပါတယ်။ ၃ နှစ်တကြိမ် ကျင်းပနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ညီလာခံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 
3 years Ago
Up