close

နီပေါ

close

January 15, 2023

နီပေါတွင် ပြည်တွင်း လေယာဉ်ပျက်ကျပြီး လူ ၄၀ သေဆုံး

နီပေါနိုင်ငံ ပိုခါရာမြို့မှာ ပြည်တွင်းလေကြောင်းလိုင်းတခုဖြစ်တဲ့ ရက်တီရဲ့ လေယာဉ် တစ်စင်း ပျက်ကျခဲ့တာကြောင့် ဇန်နဝါရီ ၁၅ ရက်မှာ အနည်းဆုံး လူအယောက် ၄၀ သေဆုံးခဲ့တယ်လို့ နီပေါလေကြာင်း အာဏာပိုင်အရာရှိတဦးက ပြောပါတယ်။

ဒီပျက်ကျမှုဖြစ်ပွားခဲ့တဲ့နေရာက ဗွီဒီယိုမှတ်တမ်းထဲမှာတော့ မီးခိုးငွေ့တွေနဲ့လောင်ကျွမ်းနေတဲ့ လေယာဉ်အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးလုပ်သားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြတာ တွေ့ရပါတယ်။ 

နီပေါလေကြောင်းလိုင်း ရက်တီမှာ ပျံသန်းပြေးဆွဲနေတဲ့ ဒီ ATR 72 အင်ဂျင်နှစ်လုံးတပ် လေယာဉ်ပေါ်မှာ မွေးကင်းစကလေးငယ် ၂ ဦးအပါအဝင် လေယာဉ်အမှုထမ်း ၄ ဦး၊ နိုင်ငံခြားသား ၁၀ ဦးအပါအဝင် စုစုပေါင်း ၇၂ ဦး လိုက်ပါလာတာလို့ လေကြောင်းလိုင်းပြောရေးဆိုခွင့်ရှိသူ ဆူဒါရှန် ဘာတော်လာက အတည်ပြုပါတယ်။

တာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့ ရုပ်အလောင်းတွေပြန်လည်ရှာတွေ့နိုင်ဖို့ မျှော်လင့်ထား သလို ဒီလေယာဉ်ပျက်ကျခဲ့ချိန်မှာလည်း ရာသီဥတုအခြေအနေက ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။ 

ဧဝရတ်တောင် အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ ခု ထဲက ၈ ခုအထိ တည်ရှိနေတဲ့ နီပေါနိုင်ငံမှာ ရာသီဥတုအခြေအနေက ရုတ်တရက်ပြောင်းလဲနိုင်သလို အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေပါ ဖြစ်ပေါ်လာနိုင်တာကြောင့် ဒီလိုလေယာဉ်မတော်တဆမှုတွေဟာ နီပေါနိုင်ငံ အတွက် ထူးခြားမှု မဟုတ်ဘူးလို့လည်း သိရပါတယ်။ 

12 hours Ago

November 9, 2022

နီပေါတွင် ပြင်းအား ၆ ဒသမ ၆ ရှိ ငလျင်လှုပ်၊ ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

နီပေါနိုင်ငံမှာ နိုဝင်ဘာ ၉ ရက်က ပြင်းအား ၆ ဒသမ ၆ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့လို့ ကလေးငယ် ၄ ယောက်နဲ့ လူကြီး ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ အနောက်ပိုင်း ဒိုတီခရိုင်မှာလည်း နေအိမ်အများအပြား ပြိုကျခဲ့ပါတယ်။

ဟိမဝန္တာနိုင်ငံမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရွှံ့အိမ်တွေ၊ အုတ်အိမ်တွေနဲ့ ကယ်ဆယ်ရေး သမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အပျက်အစီးတွေ တူးဖော်နေကြတာကို နီပေါစစ်တပ်ရဲ့ ဗီွဒီယိုဖိုင်မှာ ပြထားပါတယ်။

လူ ၂ ယောက်ထက်မနည်း ပျောက်ဆုံးနေကြောင်း နီပေါစစ်တပ် ပြောရေးဆိုခွင့်ရှိသူ နာရာယန် ဆီလ်ဝါလ်က ပြောပါတယ်။

နီပေါနိုင်ငံရဲ့ မြေငလျင်ဆိုင်ရာ ဗဟိုဌာနက ငလျင်ဟာ ပြင်းအား ၆ ဒသမ ၆ ရှိတယ်လို့ သတ်မှတ်ထားပြီး ဥရောပ-မြေထဲပင်လယ် ငလျင်ဗဟိုဌာန (EMSC) က ပြင်းအား ၅ ဒသမ ၆ ရှိတဲ့ ငလျင်ကို တိုင်းတာတွေ့ရှိခဲ့ပါတယ်။

ဒီငလျင်ဟာ အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းမြို့ ပီလီဘီထ်ရဲ့ အရှေ့မြောက်ဘက် ၁၅၈ ကီလိုမီတာအကွာကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာမှာ ဖြစ်ပွားခဲ့ကြောင်း EMSC က ပြောပါတယ်။

ငလျင်ကြောင့် မြို့တော် နယူးဒေလီမှာ နေထိုင်သူတွေ အများအပြား နိုးနိုးကြားကြား ဖြစ်လာပေမဲ့ အိန္ဒိယဘက်ခြမ်းမှာ ထိခိုက်ပျက်စီးမှု သတင်းတွေ မကြားရသေးပါဘူး။

2 months Ago
Up