ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒီဇင်ဘာ ၁၆ ရက်က စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအယောက် ၂၀ တပြိုင်နက် နုတ်ထွက်စာတင်ထားကြတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကနေ သိရပါတယ်။
ရသေ့တောင်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး တယောက်က “ကျနော်တို့က စစ်ကောင်စီဘက်ကို လည်းကြောက်ရသလို၊ ရက္ခိုင်တပ်တော်(အေအေ)ကိုလည်း ကြောက်ရတာကြောင့် ကြားညှပ် နေပြီးဘာအာမခံချက်မှလည်း မရှိဘူး။ ရွာသူရွာသားတွေကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို လက်မခံကြဘူး။ ရွာနားတဝိုက်မှာ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားရင်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရတာတွေရှိတော့ ဆက်လက်တာဝန်မထမ်း ဆောင်နိုင်တော့လို့ နုတ်ထွက်စာ တင်ကြတာ”လို့ ပြောပါတယ်။
နုတ်ထွက်စာကို ကူတောင်အမြေအတွင်းက ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ကပ်ချောင်း၊ ကံပြင်၊ ဦးဂါ၊ ပန်းဇင်းမော်၊ ညောင်ပင်လယ်၊ ကြက်ရိုးဆပ်၊ လက်ပံပင်ရင်း၊ ဇီးကိုင်း၊ အနောင်ပြင်(မူဆလင်)၊ ကူတောင်၊ မြင်းကန်းချောင်း၊ ဖြူချောင်း၊ ရေပိုက်ဆုံ၊ မင်းဂံ၊ သာစည်ထောင့်၊ ကျွန်းကြီးနဲ့ ရွှေလောင်းတင် ကျေးရွာအုပ်စုတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက တင်ခဲ့ကြတာလို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန် ထမ်းဆောင်လို့စိတ် မရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော်လောက်ဟာ နိုဝင်ဘာ ၁၆ ရက်မှာ တပြိုင်နက် နုတ်ထွက်စာတင်ထားကြပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာက ရာအိမ်မှူးဟာ နိုဝင်ဘာ ၂၃ ရက်နေ့က နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၈ နှစ်အရွယ် ကျည်တောက်ပေါက်ကျေးရွာ ရာအိမ်မှူး ဦးမျိုးခိုင်ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က တစ်ယောက်တည်း ဆိုင်ကယ်မောင်းလာချိန် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ပေါင်နဲ့ ဒူးတို့မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ရာအိမ်မှူးဟာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ကျည်တောက်ပေါက်ဆေးရုံကနေ မန္တလေး ဆေးရုံကြီးကို လွှဲပြောင်းကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ကျည်တောက်ပေါက်ကျေးရွာက ကျေးရွာတာဝန်ခံ ရာအိမ်မှူး ဦးမောင်ငယ် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။