close

နေတန်ယာ

close

December 31, 2022

တကျော့ပြန်အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကျမ်းသစ္စာကျိန်ဆို

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုဟာ ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းက ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်မှာ သူ့ရဲ့ပထမဆုံး အစိုးရအဖွဲ့ အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားကြီးဟာ နိုဝင်ဘာ ၁ ရက် ရွေးကောက်ပွဲမှာ သူ့ရဲ့ အမျိုးသားရေးဝါဒီနဲ့ ဘာသာရေးပါတီများအစုအဖွဲ့မှ ပါလီမန်အမတ်နေရာတွေကို အများစုရရှိခဲ့ ပြီးကတည်းက နိုင်ငံသားအခွင့်အရေးနဲ့ သံခင်းတမန်ခင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ငြိမ်သက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ 

သူဟာ လက်ရှိ အဂတိလိုက်စားမှုနဲ့ တရားရင်ဆိုင်နေရပြီး သူ့အပေါ် စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

သူ့ရဲ့မဟာမိတ်တွေဟာ ပါလက်စတိုင်းနိုင်ငံနဲ့ သူ့ခေါင်းဆောင်တွေကိုပါ ဆန့်ကျင်ကြတဲ့ ဘာသာရေး ဇီယွန်ဝါဒီတွေနဲ့ ဂျူးအာဏာပါတီတွေဖြစ်ကြပြီး အရင်တုန်းက အစ္စရေးရဲ့ တရားစီရင်ရေးစနစ်၊ အာရပ်လူနည်းစုတွေနဲ့ LGBT အခွင့်အရေးတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။ 

အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုခင် အတည်ပြု မဲပေးစနစ်အရ သူ့အစိုးရဟာ ပါလီမန်လွှတ်တော်မဲ ၁၂၀ ထဲမှာ ၆၃ မဲ ရရှိခဲ့တာပါ။ 

နေတန်ယာဟုရဲ့ ကွန်ဆာဗေးတစ် လီကွတ်ပါတီက သူ့အစိုးရအတွက် လမ်းညွှန်ချက်ထဲမှာ ပြောထားတာမှာ အနောက်ဘက်ကမ်း မြေယာတွေပေါ်မှာ ဂျူးအခြေချနေထိုင်မှုတွေကို ချဲ့ထွင်ပေးဖို့ စီစဉ်ထားပြီး ဂျူးလူမျိုးတွေအတွက် သီးသန့်နဲ့လက်လှမ်းမမီနိုင်တဲ့ အခွင့်အရေးတွေ ရှိမယ် လို့ ဆိုထားပါတယ်။ 

ပါလက်စတိုင်းတွေအတွက်တော့ နေတန်ယာဟုရဲ့ အစီအစဉ်ဟာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေမယ်လို့ ခန့်မှန်းကြပါတယ်။ 

ကမ္ဘာ့အင်အားကြီးနိုင်ငံ အများစုကတော့ စစ်ပွဲအတွင်း သိမ်းပိုက်ထားတဲ့ မြေယာပေါ်မှာ အခြေချနေထိုင်မှုတွေဟာ တရားမဝင်ဘူးလို့ ဆိုကြပါတယ်။ 

5 mins Ago

March 3, 2020

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ကျင်းပနေဆဲ အစ္စရေး ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဗဟိုဝါဒီပါတီ Blue and Whiteပါတီက ကာကွယ်ရေးဦးစီးချုပ်ဟောင်း  ဘင်နီဂန့်ဇ်ကို အနိုင်ရခဲ့ပြီလို့ မတ်လ ၃ ရက်က ကြေညာပါတယ်။  အစ္စရေးရဲ့ အဓိကရုပ်သံလိုင်း သုံးခုက ထုတ်ပြန်တဲ့ မဲရလဒ်တွေအရ လက်ယာယိမ်း လစ်ကွတ်ပါတီ အကြီးအကဲ နေတန်ယာဟုဟာ ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမယ့် ပါလီမန်မှာ အမတ်နေရာ အများစု ဖြစ်ဖို့ ၂ နေရာ လိုနေပါတယ်။ ဒါ့ကြောင့်  လက်ရှိဝန်ကြီးချုပ်အနေနဲ့ ပါလီမန်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရဦးမှာပါ။ ပြီးခဲ့တဲ့ ဧပြီနဲ့ စက်တင်ဘာ ရွေးကောက်ပွဲတွေမှာ မဲရလဒ် မရေမရာဖြစ်ခဲ့ပြီးနောက် တနှစ်အတွင်း သုံးကြိမ်မြောက် ဖြစ်လာခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် နေတန်ယာဟုဟာ အစ္စရေးရဲ့ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်တဦး ဖြစ်လာမလားဆိုတာ အစစ်ဆေးခံရတော့မှာပါ။ နေတန်ယာဟုဟာ  အကျင့်ပျက် ခြစားမှု စွဲချက်ကို တရားရုံးမှာ ရင်ဆိုင်ရဖို့ ရှိနေချိန်မှာပဲ ရွေးကောက်ပွဲ အနိုင်ရခဲ့တာပါ။ ဝန်ကြီးချုပ်ဟာ လက်ရှိမှာ အစ္စရေးမီဒီယာသူဌေးတွေကို ဒေါ်လာသန်းနဲ့ချီတဲ့ အစိုးရ အထောက်အပံ့တွေ မျက်နှာလိုက် ပေးအပ်ခဲ့တယ်၊ လက်ဆောင်ပဏ္ဏာတွေ ရယူခဲ့တယ်ဆိုတဲ့ စွဲချက်တွေကြောင့် ယုံကြည်မှုဖောက်ဖျက်မှု၊ လာဘ်ယူမှုတွေနဲ့ တရားရင်ဆိုင်နေရတာပါ။  ကနဦး တရားရုံး ကြားနာမှုကိုတော့ လာမယ့် မတ် ၇ ရက်နေ့မှာ လုပ်ဖို့ရှိပါတယ်။ ကြားနာမှုကို နေတန်ယာဟု တက်ရောက်နားထောင်ဖို့ မျှော်လင့်ကြောင်း တရားရုံးက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
3 years Ago
Up