နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ တိုင်းရင်းသား ကျေးရွာ ၃ ရွာစုပေါင်းပြီး အလှူပွဲပြုလုပ်ရာမှာ နယ်ဝေးက ဧည့်သည်တွေကို လုံးဝ လာခွင့်မရှိကြောင်း စစ်ကောင်စီတပ်ရဲ့ နယ်မြေခံ ခမရ ၆၀၆ တပ်ရင်းက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာတွေစုပေါင်းပြီးတော့ ကျောင်းရေစက်ချ၊ ရဟန်းခံရှင်ပြုနဲ့ နားသမင်္ဂလာအလှူပွဲကို နယ်ဝေးကဧည့်သည်တွေမလာဖို့ စစ်တပ်က လာပြောသွားတာကြောင့် ရပ်ဝေးက ဧည့်သည်တွေကို အလှူဖိတ်ချင်ပေမဲ့ ဖိတ်လို့မရတော့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီကျေးရွာတွေကိုရောက်ရှိဖို့ ခမရ ၆၀၆ တပ်ရင်း စခန်းချထားတဲ့ ဂိတ်အသီးသီးကို ဖြတ်ရပြီး အဲဒီထဲက ဝေသာလီဂိတ် ကျေးရွာအဝင်ဂိတ်က အဆိုးဆုံးဖြစ်ကာ ဒီအတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင်တော့ ပြဿနာတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ တခါတလေ တောင်ယာထဲကိုသွားရင်လည်း တားမြစ်ပိတ်ပင်ပြီး လက်နက်ပြ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
အဲဒီလို ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ တပ်ရင်းရဲ့ အထက်လူကြီးကို တိုင်ကြားရင်လည်း တပ်အောက်ခြေကလူတွေက ကျေးရွာတာဝန်ရှိသူတွေကို ခေါ်ယူပြီး ကြမ်းကြမ်းတမ်းတမ်း သတိပေးပြောဆိုမှုတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
အဲဒီဒေသတွေမှာ ကရင်၊ ကယန်းနဲ့ ပအိုးဝ်တိုင်းရင်းသားတွေ နေထိုင်ကြပြီး ကျေးရွာတရွာကို အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေလုံခြုံရေးတင်းကျပ်ထားတဲ့ နေပြည်တော်နယ်မြေ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာမှာရှိတဲ့ မြို့နယ်လျှပ်စစ် (EPC) ရုံးမှာ နိုဝင်ဘာ ၆ ရက် ဒီနေ့လယ်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ရုံးဝင်းထဲမှပေါက်တာ။ ဘာတွေပျက်စီးလဲတော့ မသိသေးဘူး။ မီတာခတွေ အတင်းဆောင်ခိုင်းနေတာ။ ကျနော်ကတော့ မဆောင်ဘူး။ ပြည်သူတွေကလည်း မီးဖြတ်ခံရမှာ ကြောက်တော့ ဆောင်နေကြတယ်” လို့ ပြောပြပါတယ်။
အဆိုပါ ဗုံးဖောက်ခွဲမှုကို ဗီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ တာဝန်ခံက အတည်ပြုပြောဆိုပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဥတ္တရသီရိမြို့နယ်လျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသလို စစ်သားတွေနဲ့ရဲအများအပြား အဆိုပါရုံးဝင်းထဲရောက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ် လျှပ်စစ်ရုံးမှာ ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပါတယ်။