close

နေပြည်တော် အချုပ်ထောင်

close

April 20, 2023

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်မှာပဲဆက်လက်အကျဉ်းချထားရန် စစ်ကောင်စီဆုံးဖြတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ထားဖို့ကိစ္စ အာဏာသိမ်းစစ်ခေါင်းဆောင်အဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့ရာ လုံခြုံရေးအခြေအနေကြောင့် နေပြည်တော်အချုပ်ထောင်မှာသာ ဆက်လက် အကျဉ်းချ ထားမယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့ အကျဉ်းသား ၃၀၀၀ ကျောက်ကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရေး /မထားရေးကို သဘောထားမှတ်ချက်တွေ တောင်းခဲ့ရာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့က လုံခြုံရေးအကြောင်းပြချက်နဲ့ နေပြည်တော်အချုပ်ထောင်မှာထားဖို့သဘောတူခဲ့တာလို့ စစ်ကောင်စီတပ်ကအရာရှိနဲ့ နီးစပ်သူက ပြောပါတယ်။

"တချို့ကလည်း အသက်ကြီးပြီ အကျယ်ချုပ်ပဲထားပေါ့။ စရဖဘက်က လုံခြုံရေးအရ စောင့်ရှောက်မှုတွေပေးရမယ် လူအပိုကုန်မယ်ပေါ့။ အဲဒါကြောင့် ဧပြီ ၁၈ ရက်မှာ တချို့က အကျယ်ချုပ်ပြီးထားပြီးထင်ပြီးပြောတာ။ အခုဇော်မင်းထွန်းကို ကောလာဟလဆိုပြီး ထွက်ရှင်းခိုင်းတာ"လို့  ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှု ၇ မှုကို  လက်ခံလိုက်ပြီး ဆက်လက်စစ်ဆေးကြားနာသွားဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့အမှုတွေကတော့ ရဟတ်ယာဉ်ဝယ်ယူငှားရမ်းတဲ့ကိစ္စအပေါ် အဂတိနဲ့စွဲဆိုထားတဲ့ အမှု ၅ မှု၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃၀(က) နဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ဥဒေပုဒ်မ ၃(၁)(ဂ) တို့ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

"မနေ့ညကကတည်းက နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းမှာ အမေစုအကျယ်ချုပ်နဲ့ နေအိမ်ကိုပြန်ရောက်မယ်ဆိုတဲ့သတင်းတွေက ပျံ့နေတာ။ ဒီမနက်ကျတော့မဟုတ်ဘူး အချုပ်ထောင်မှာပဲ ဆက်ထားမယ်ဆိုတာသိတာ။”

စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံရတဲ့ အသက် ၇၇ နှစ် အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက  အဂတိလိုက်စားမှု အပါအဝင် အမှုပေါင်းများစွာနဲ့ သက်သေမခိုင်လုံပဲ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို  နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။

6 hours Ago

August 4, 2022

ရှောင်တာနယ်အမှုက စွပ်စွဲခံရသူများကို နောက်ရုံးချိန်းတွင် စတင်စစ်ဆေးမည်

သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အမှုကို သြဂုတ် ၄ ရက်နေ့က နေပြည်တော် အချုပ်ထောင်အတွင်း သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေတဦးကို ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကစလို့ အမှုနဲ့ပတ်သက်တဲ့ စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးသွားမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာပါ။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားကာ အဆိုပါပုဂ္ဂိုလ်လေးဦးကို အားပေးကူညီမှုနဲ့ စွဲချက်တင်အမိန့်ချပြီး ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

နောက်ရုံးချိန်းကစပြီး စွပ်စွဲခံသူတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နဲ့ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို ရုံးချိန်းတပတ်ကို တယောက်စီ စစ်ဆေးသွားမှာဖြစ်တယ်လို့ အဆိုပါ တရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ အချုပ်ထောင်ဆရာဝန်နဲ့ ပြသနေရတယ်လို့ သတင်းတွေထွက်နေပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိပေမဲ့ ရုံးထုတ်မှာမြင်တွေ့ရတဲ့ အခြေအနေအရ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။

9 months Ago

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်တွင်း အပူဒဏ်ကို ခံစားနေရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတဲ့ နေပြည်တော်ထောင်ရှိ သီးသန့် အဆောက်အဦဟာ ခန့်မှန်း ပေ ၁,၂၂၀ ခန့်ကျယ်ပြီး ပြတင်းပေါက်တွေကို မှန်တွေကာထားပေမဲ့ အပူဒဏ်ကို ခံနေရတာကြောင့် နေထိုင်ရတာ သိပ်အဆင်မပြေဘူးလို့ ထောင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိပ်တဲ့နေရာနားက မှန်တွေကိုတော့ ခန်းဆီးစတွေ ကာပေးထားတယ်လို့ ပြောပါတယ်။

အချုပ်ထောင်နဲ့ နီးစပ်သူတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းက ရေချိုးခန်း ဒါမှမဟုတ် Toilet ကအထွက်မှာ ရေကြောင့်ထင်တယ် စလစ်ဖြစ်ပြီး လဲမလိုဖြစ်ခဲ့တယ်။ ခန္ဓာကိုယ်ကို ပြန်ထိန်းလိုက်နိုင်တော့ လဲကျမသွားပါဘူး။ ဒါပေမဲ့ ဘေးက ထောင်ဝန်ထမ်းအမျိုးသမီးတွေက အော်လိုက်တဲ့အတွက် တဖက်က တခြားအကျဉ်းသားတွေဆီက ကျန်းမာရေးကြောင့် လဲကျသွားသလို စကားတွေ ထွက်လာတဲ့ အနေအထားမျိုးပါ။ အဲလိုဖြစ်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်နဲ့ပြရတာ ရှိမရှိတော့ အဆိုပါ ထောင်နဲ့နီးစပ်သူတွေလည်း မသိရသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိရာကနေ ဇွန် ၂၂ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တော် အချုပ်ထောင်ဝန်းထဲက သီးခြားအဆောက်အဦတခုမှာ ပြောင်းရွှေ့ထားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ဝင်းအတွင်းရှိ သီးသန့်အဆောက်အဦတခုဆီ ပြောင်းရွှေ့လိုက်ပြီးနောက် အမှုတွေကိုလည်း ဇွန် ၂၃ ရက်ကစပြီး အချုပ်ထောင်ရှိ အထူးတရားရုံးမှာပဲ ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အခုလို ထောင်ထဲကို ပြောင်းရွှေ့လိုက်တာဟာ သက်ဆိုင်ရာ တရားရုံးတွေက တရားစီရင်ပြီးဖြစ်လို့ ပြစ်မှုဆိုင်ရာဥပဒေတွေအရ ပြောင်းရွှေ့လိုက်တာဖြစ်ပြီး ထောင်မှာ သီးခြားကောင်းမွန်စွာ ထားရှိတယ်လို့ ဇွန် ၂၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

9 months Ago
Up