close

နေပြန်ကောင်း

close

February 4, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြန်ကောင်းသဖြင့် တရားရုံးချိန်းလာရောက်

သဘာဝဘေးကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ အဂတိအမှုတွေကို ဖေဖော်ဝါရီ ၄ ရက်က ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

မနေ့က ရှောင်တာနယ်အမှုကို ကျန်းမာရေးမကောင်းလို့ မလာနိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ရုံးချိန်းမှာ လာရောက်တယ်လို့ သိရပါတယ်။ မနေ့က ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားခဲ့ရပေမယ့် ဒီနေ့တော့ ကောင်းသွားပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရ ဟတ်ယာဉ်တစ်စီးဝယ်ယူ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်လို့  စစ်ကောင်စီကစွပ်စွဲပြီး  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်က ဦးအောင်ခန့်ဆိုသူက သက်သေခံတင်သွင်းခဲ့ပေမဲ့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့တယ်လို့လည်း တရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။

အရင် အဂတိမှုတွေကိုလည်း နောက်ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ချပြီးလည်း ဖြစ်ပါတယ်။

7 mins Ago

April 24, 2020

COVID-19 ကူးစက်ခံနေရသည့် ထိုင်းမင်းသား မက်ထယူးဒင်တို့ ဇနီးမောင်နှံ နေပြန်ကောင်း 

COVID-19 ကူးစက်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံက နာမည်ကြီး ရုပ်ရှင်မင်းသား မက်ထယူးဒင်နဲ့ ဇနီးဖြစ်သူ သရုပ်ဆောင်/ တေးသံရှင် လေဒီယာဆာရန်ရတ်တို့ဇနီးမောင်နှံဟာ ဆေးရုံမှာ တလလောက် ကုသမှုခံယူခဲ့ရပြီးနောက် သက်သာပျောက်ကင်းလို့ အိမ်ပြန်ခွင့်ရပြီဖြစ်ပါတယ်။  မက်ထယူးဒင်ဟာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ဘန်ကောက်လုမ္ပဏီ  လက်ဝှေ့ရုံထဲမှာ အစီအစဉ်ကြေငြာသူအဖြစ် သွားရောက်ဆောင်ရွက်ပေးရင်း  ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး သူကနေတဆင့် ဇနီးသည် လေဒီယာကိုပါ ထပ်ဆင့် ကူးစက်ခဲ့တာပါ။  မက်ထယူးဒင်ဟာ COVID-19 ကူးစက်ခံရကြောင်း မတ်လ ၁၃ ရက်နေ့မှာ အဖြေထွက်ပြီး ဇနီးဖြစ်သူက မတ်လ ၁၆ ရက်နေ့မှာ အဖြေထွက်တာကြောင့် နှစ်ယောက်လုံး ဆေးရုံကြီးမှာ တက်ရောက်ကုသခံယူခဲ့ရပါတယ် ။  သူတို့မှာ ၅ နှစ်အရွယ် သားလေး ၁ ယောက်နဲ့ ၈ လရွယ် သမီးလေး ၁ ယောက်ရှိပြီး ကံအားလျော်စွာ ကလေး ၂ ယောက်လုံးကတော့ ကူးစက်ခြင်းမခံခဲ့ရပါဘူး။  သူတို့ဟာ ဆေးရုံမှာ လူခွဲပြီး တက်ရောက်ကုသစဉ်  စမ်းသပ်စစ်ဆေးရာမှာ COVID19 ရောဂါပိုးကင်းစင်ကြောင်း တကြိမ်ပြခဲ့ပြီး စိတ်ချရတဲ့အခြေအနေထိ စောင့်ကြည့်စဉ်မှာပဲ ရောဂါ ပိုးထပ်မံတွေ့ရှိရလို့ ဆေးရုံမှာ ဆက်လက်နေထိုင်ခဲ့ရတာပါ ။  ဆေးရုံမှာ ရက်ပေါင်း ၃၀ ကြာ နေထိုင်ခဲ့ပြီးတဲ့နောက် ဒီလ ၁၈ ရက်နေ့မှာတော့ သက်သာပျောက်ကင်းပြီဖြစ်ကြောင်း ဆရာဝန်က ပြောတဲ့အတွက် ဆေးရုံဆင်းခွင့်ရခဲ့ပါတယ် ။  ဆေးရုံက ဆင်းတဲ့နေ့မှာ နှစ်ယောက်စလုံးက တာဝန်ကျဆရာဝန်ဆရာမတွေကို ကျေးဇူးဆိုတဲ့စကားနဲ့တင်မလုံလောက်တဲ့ ကျေးဇူးတင်ခြင်းများစွာဆိုတဲ့ အဓိပ္ပါယ်ရ သီချင်းနဲ့ သီဆိုနှုတ်ဆက်ခဲ့ပါတယ်။  ခုရက်ပိုင်းမှာလည်း ဆရာဝန်ဆရာမတွေအားလုံးကို ကျေးဇူးတင်  ဂုဏ်ပြုတဲ့အနေနဲ့ ဗွီဒီယိုဖိုင်တစ်ခု ထုတ်လုပ်ဖြန့်ဝေခဲ့ပါတယ်။  အဆိုပါ ဗွီဒီယိုဖိုင်မှာ ဇနီးမောင်နှံ နှစ်ယောက်လုံး ဆေးရုံစတက်ရချိန်ကစ ဆေးရုံဆင်းပြီး မိသားစုတွေ ပျော်ရွှင်စွာပြန်တွေ့ရတဲ့ အချိန်ထိ ဗွီဒီယိုတွေဓာတ်ပုံတွေကို သူတို့ ၂ ယောက်သီဆိုထားတဲ့ သီချင်းနောက်ခံနဲ့ ပေါင်းစည်းဖော်ပြထားပါတယ်။  ကိုးကား -  posttoday.com
2 years Ago
Up