close

နေရပ်စွန့်ခွာသူများအရေး

close

May 30, 2021

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၁၂၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး အနည်းဆုံး လူပေါင်း ၁ သိန်း ၂ သောင်းလောက် အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က  မေလ ၂၉ ရက်မှာ ပြောကြားပါတယ်။

ဒုက္ခသည်တွေအတွက် အစားအစာနဲ့ သောက်သုံးရေလို မရှိမဖြစ် လိုအပ်တဲ့ အထောက်အပံ့တွေလည်း ရှားပါးနိုင်တယ်လို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သတိပေးထားပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသက ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ကနေ နောက်ဆုံးထုတ်ပြန်ချက်အရ ပဋိပက္ခတွေနဲ့ မလုံခြုံတဲ့ အခြေအနေတွေကြောင့် ဧပြီလကနေ မေလအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လူပေါင်း ၄၆၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ကယားပြည်နယ် တိုက်ပွဲတွေအပြီး မေလနှောင်းပိုင်းမှာ လူပေါင်း ၃၇၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် လုံခြုံမှု မရှိခြင်း၊ ဘဏ်လုပ်ငန်း ယိုင်လဲနေခြင်း၊ လမ်းပိတ်ဆို့ခြင်းနဲ့ ရှိနေတဲ့ အခက်အခဲတွေကြောင့် ပဋိပက္ခ ဖြစ်ပွားရာ ဒေသအားလုံးမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တကယ့်ကို ကန့်သတ်ခံနေရတုန်းပဲလို့ အဖွဲ့အစည်းတွေက သတိပေးကြပါတယ်။

အထူးသဖြင့် ကျေးလက်ဒေသတွေမှာလည်း စစ်အာဏာရှင်ကို လူထုက ဆက်လက် ဆန္ဒပြနေကြတုန်း ဖြစ်ပါတယ်။

အိုးအိမ်စွန့် ရှောင်ပြေးကြသူတွေ များလာတာနဲ့အမျှ မိုးရာသီကလည်း အဝင်စောတာကြောင့် တောထဲမှာ ကျန်းမာရေးနဲ့ သန့်ရှင်းရေးပစ္စည်း၊ နေထိုင်စရာ အဆောက်အအုံတွေ လုံလောက်မှု မရှိတာတွေ ကြုံနေရပြီး တိုက်ပွဲရှောင်သူတွေအနေနဲ့ ရေကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေ ဖြစ်နေတယ်လို့ OCHA က ပြောပါတယ်။

4 mins Ago

October 5, 2019

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအတွင်းရေးမှူးချုပ် နေရပ်စွန့်ခွာသူများအရေး ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ အတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်အား မနေ့မနက်ပိုင်းက နေပြည်တော်ရှိ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေ၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်တွေအား လေ့လာတဲ့ ကနဉီးဆန်းစစ် လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ တွေ့ဆုံပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
2 years Ago
Up