မြန်မာနိုင်ငံပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး မတ် ၂၇ ရက်အထိ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုတွေနဲ့ ဖားကန့်၊ ရွှေကူနဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေ နဲ့ အရပ်သား ဖမ်းဆီးစစ်ဆေးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ရွှေကူမြို့နယ်တွင်း ကျေးရွာအများအပြားက အရပ်သား ၁,၃၀၀ ကျော်ဟာ မတ်လအစောပိုင်းကတည်းက အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ယာယီစခန်း ၁၀ ခုနဲ့ အနီးအနားက တောတောင်တွေထဲမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
သူတို့ဟာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြားလူ့အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ UNOCHA က ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်မြင့်တက်နေမှုကြောင့် နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ ၁ ဒသမ ၇ သန်းကျော်အထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက မတ်လ ၂၁ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေကြတဲ့ ပဋိပက္ခတွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားပိုင်ပစ္စည်း ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေသူ ၁ ဒသမ ၇ သန်းကျော်ထဲမှာ ၁ ဒသမ ၄ သန်းနီးပါးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာနေကြရသူတွေ ဖြစ်ကြပါတယ်။
နေရပ်စွန့်ခွာနေရသူ အများဆုံးမှာတော့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၉၄၃,၁၀၀ ဦးနဲ့ နိုင်ငံအရှေ့တောင်ပိုင်းက ၄၀၉,၄၀၀ ဦးတို့နဲ့ အများဆုံး စွန့်ခွာနေကြရတာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သားပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပါအဝင် သွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။
စစ်အာဏာမသိမ်းခင်ကတည်းက စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တိမ်းရှောင်နေရသလို ကချင်ပြည်နယ်မှာလည်း စစ်ဘေးရှောင်တွေ ရှိပါတယ်။