ရွှေကုက္ကိုလ်မြို့သစ် အနီးတဝိုက်ကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်တွေက နယ်မြေပြန်လည်စိုးမိုးနိုင်ပြီဖြစ်လို့ စစ်ဘေးရှောင်ပြည်သူတွေ ဧပြီ ၉ ရက် မနက်ကစတင်ပြီး ထိုင်းအာဏာပိုင်တွေက ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်နယ် ၃ နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထီ့ကော်ထော၊ ရိက္ခာကုန်း၊ ထီးချာရား၊ ၆၀၆၊ ၁၁၅၃ စတဲ့ အနီးတဝိုက်ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ကို နယ်ခြား စောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက နယ်မြေပြန်လည်စိုးမိုးနိုင်ပြီဖြစ်တဲ့အပြင် ပြန်လည်နေထိုင်ဖို့ခေါ်ယူခဲ့တဲ့အတွက် ထိုင်အာဏာပိုင်တွေက အခုလိုပြန်လည်ပို့ဆောင်နေတာပါ။
စစ်ဘေးရှောင်ပြည်သူတဦးက “ဒီမနက်ဘဲ ပြန်ပို့ပေးနေတာ။ စစ်ရှောင်အားလုံးကို ပြန်လာနေထိုင်လို့ရပြီ။ ပြန်လာဖို့ ဗိုလ်မှူးကြီးစောချစ်သူက ဒေသခံ ဆရာတော်တွေဆီကိုလည်း ဖုန်းဆက်ပြီးပြောတယ်။ အခုစခန်းလိုက် ပြန်နေကြပြီ” လို့ ပြောပါတယ်။
နယ်မြေတည်ငြိမ်သွားပြီဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ကု (၁၀ရပ်ကွက်) မှာရှိတဲ့ ပြောင်းဂိုဒေါင်၊ ဝမ့်ဖန် (ဘုန်ကြီးကျောင်း သစ်)၊ ဗမာဆေးခန်း စတဲ့ စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းအာဏာပိုင်တွေက အသုတ်လိုက် မော်တော်ယာဉ်တွေနဲ့ ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။
“ဒီဘက်က အာဏာပိုင်တွေက ကားနဲ့အသုတ်လိုက် ပြန်ပို့ပေးနေတယ်။ ကျနော်တို့ ဝမ့်ဖန်စစ်ရှောင်စခန်းက ပြည်သူတွေကိုတော့ ထမင်းကျွေးပြီး ညနေလောက်ပြန်ပို့ဖို့ စီစဉ်ထားတယ်။”
နှစ်ဖက်တိုက်ပွဲအတွင်း ထီ့ကော်ထာကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံပြည်သူ ၂ ဦး လက်နက်ထိမှန်သေဆုံးပြီး ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့သလို နေအိမ်နဲ့ဆိုင်ခန်းတချို့ မီးလောင်ပျက်စီးခဲ့တဲ့အပြင် ရိက္ခာကုန်းမှာရှိတဲ့ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းပါ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နယ်ခြားစောင့်တပ် (BGF) ကင်းစခန်းတွေကို ဧပြီ ၅ ရက်နေ့ မနက် ၄ နာရီလောက်က စတင်တိုက်ခိုက်ခဲ့ရာမှ ၆ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေနဲ့ BGF တပ်သား ၈၀ ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၇၀ ကျော်နဲ့ မော်တော်ယာဉ်တွေကို သိမ်းဆည်းရမိခဲ့သလို BGF ကင်းစခန်း ၅ ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Lion Battalion ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။
ထိခိုက်ကျဆုံးတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန် စစ်ဘေးရှောင်စခန်းက ဒေသခံပြည်သူတွေကို မတ် ၃ ရက် ဒီမနက်ပိုင်းမှာ စစ်ကောင်စီက ထောက်ပံ့ကြေးငွေနဲ့ ဆန်ရိက္ခာပစ္စည်းတွေ ထောက်ပံ့ပေးပြီး နေရပ်ပြန်ခိုင်းခဲ့တယ်လို့ ရေဖြူကန် စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အခုနေရပ် ပြန်ပို့ခံရတဲ့ စက်မှုဇုန်စစ်ဘေးရှောင် စခန်းမှာ ပုဏ္ဏားကျွန်မြို့နယ် သာစည်၊ ပန္နဲတော၊ ဒိုးတန်း၊ ကျောက်ဆိပ်နဲ့ ပလက်ဝမြို့နယ် နှမဒါကျေးရွာတွေက အိမ်ထောင်စု ၁၄၀ ကျော်က လူဦးရေ ၅၀၀ ကျော်ခိုလှုံနေကြတာဖြစ်ပြီး စစ်ဘေးရှောင်တွေဟာ ထောက်ပံ့ငွေ တအိမ်ထောင်ကို ကျပ် ၆ သိန်းယူကာ နေရပ်ပြန်ကြတာဖြစ်ပါတယ်။
စစ်ကောင်စီခန့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တအိမ်ထောင်ကို ထောက်ပံ့ငွေ ၅ သိန်းကျပ်၊ လူကယ်ပြန်က ၁ သိန်းကျပ်၊ ဆန်ရိက္ခာ ၁ လစာနဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး ထောက်ပံ့ပေးတာကြောင့် သဘောတူ ကြည်ဖြူစွာနဲ့ နေရပ်ပြန်ခဲ့ကြတာလို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။
သာစည်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတယောက်ကတော့ “စစ်ကောင်စီဘက်က အခုလို ထောက်ပံ့ပေးတာကိုတော့ လက်ခံကြိုဆိုပါတယ်။ ကျနော်တို့ရွာကို ပြန်ရောက်ရင် ပျက်စီးယိုယွင်းနေတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် စရိတ်ရတာကြောင့် နေအိမ်တွေ ပြုပြင်ရမှာပေါ့။ အသက်အန္တရာယ်ထိခိုက်မှာ ကြောက်လို့သာ တခြားနေရာမှာ လာရောက် ရှောင်တိမ်းနေရတာဖြစ်ပြီး လူတိုင်းကတော့ ကိုယ့်အိမ်မှာပဲ နေချင်ကြတာပါ” လို့ ပြောပါတယ်။
နေရပ်ပြန်ပို့ခံရတဲ့ စစ်ဘေးရှောင်တစ်ဦးကလည်း "ဒီနေ့မနက်စောစောက ပြည်နယ် ဝန်ကြီးချုပ်နဲ့ အဖွဲ့ရောက်လာပြီး စစ်ဘေးရှောင်တွေကို တစ်အိမ်ထောင်ကို ကျပ်ငွေ ၆ သိန်းပေးပြီး နေရပ်ပြန်ကြဖို့ ပြောကြားခဲ့တယ်။ သူကတော့ ရွာအနီးက မိုင်းတွေ ရှင်းလင်းပေးဖို့ ပြောကြားခဲ့တာတော့ရှိတယ်။ ဘယ်တော့ ရှင်းလင်းပေးမယ်ဆိုတာတော့ မပြောသွားဘူး။ ငွေ ၆ သိန်းဆိုတာကလည်း အခုအခြေအနေနဲ့ ဘာမှ လုပ်လို့မရဘူး။ ကျနော်တို့က ရွာပြန်သွားရင် တော၊ တောင်တွေမှာ မှီခိုပြီး လုပ်စားကြရမှာဖြစ်တယ်။ မြေမြုပ်မိုင်း အန္တရာယ်ကတော့ တော်တော်လည်းကို စိုးရိမ်မှုရှိတယ်" လို့ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်လိုခြင်း မရှိပေမဲ့ စစ်ကောင်စီက ဖိအားပေးလာတာကြောင့် နေရပ်ပြန်ကြရတာဖြစ်ပြီး ထောက်ပံ့ငွေနည်းတာကြောင့် စားဝတ်နေရေး ခက်ခဲမှုတွေ ရှိလာမှာလို့ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
"ကျနော်တို့ကတော့ နေရပ်ပြန်လိုစိတ်တော့ သိပ်မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီက မပြန်လို့ မရဘူးဆိုပြီး ပြောလာတော့ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ သူတို့က အဆောင်တွေကို ဖျက်ဖို့အတွက် မြေတူးစက်တွေပါ တစ်ခါတည်း ယူလာကြတယ်။ သူတို့ရဲ့ ထောက်ပံ့ငွေ ၆ သိန်းကလည်း အခုကာလတန်ဖိုးနဲ့ ဘာမှ တန်းဖိုးရှိတာမဟုတ်ဘူး။ ဒီငွေ ၆သိန်းနဲ့ အိမ်ဆောက်ဖို့တောင် အဆင်မပြေနိုင်ဘူး။ ဘာမှ စားကြမလဲ မသိတော့ဘူး။ စားဝတ်နေရေးတော့ အခက်အခဲတွေ ရှိနိုင်တယ်" လို့ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းကို အရပ်သားအစိုးရလက်ထက်က ရခိုင်ပြည်နယ် အစိုးရအစီအစဉ်နဲ့ ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်ကောင်စီခန့် နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်တွေကို မိုးမကျမီ နေရပ်ပြန်ဖို့ ဖိအားပေး ပြောဆိုခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ရပြီး နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလက်ရှိအပစ်အခတ်ရပ်စဲထားပေမဲ့ မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်ရဲတဲ့ ဒေသခံပြည်သူ ၆၆,၀၀၀ ကျော်ရှိနေကာ အကူအညီတွေ လိုအပ်နေတယ်လို့ ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုထားပါတယ်။