close

နေသွင်ညိဏ်း

close

June 16, 2022

တာလီဘန်တွေ လက်ခုပ်ထဲက ဗုဒ္ဓဘာသာ အမွေအနှစ်တွေ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က တာလီဘန်တွေဟာ နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိတဲ့ ဧရာမ ဗုဒ္ဓ ရုပ်တုကြီးကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့လို့ သူတို့ကို တကမ္ဘာလုံးက အော့နှလုံး နာခဲ့ကြတယ်။

အခုလည်း မနှစ်သြဂုတ်လမှာ တကျော့ပြန် အာဏာရလာတဲ့ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်မှာ အစ္စလာမ် ဘာသာထက် ရှေးကျတဲ့ ဘာသာရေးဆိုင်ရာအမွေအနှစ်တွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးပမ်းနေကြပြန်တယ်။ နိုင်ငံအလယ်ပိုင်း တောင်ကြားဒေသ ဘာမီယန် ပြည်နယ်ထဲမှာ ရှိတဲ့ အဖိုးတန် ရှေးဟောင်း ဗိသုကာလက်ရာတွေဟာ တာလီဘန်တွေရဲ့ပစ်မှတ် ဖြစ်လာတယ်။

ရှေ့ဟောင်းအမွေအနှစ်ကို ဖျက်ဆီးခဲ့တဲ့ ရာဇဝတ်မှုမှာ နောက်ကွယ်က ပုံဖော်ခဲ့တဲ့ တစ်ယောက်ဖြစ်ခဲ့တဲ့ မူလာအပ်ဒူလာဆာဟဒ္ဒီဟာ အခုလည်း ဘာမီယန်ပြည်နယ်ကို လက်တွေ့ အုပ်ချုပ်သူ ဖြစ်လာတယ်။ တာလီဘန်ခေတ် တကျော့ပြန်လာတယ်ဆိုရင်ပဲ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဗုဒ္ဓအမွေအနှစ်တွေကို ဖျောက်ဖျက်ရာမှာ သူဟာ အဓိက ဖြစ်လာတယ်လို့ ရှေ့ဟောင်းအမွေအနှစ်ပညာရှင်တွေက ဆိုကြတယ်။ ဆာဟဒ္ဒီဟာ အတိတ် တာလီဘန်ခေတ် (၁၉၉၆-၂၀၀၁) တုန်းက ဘာမီယန်ပြည်နယ်ကို ဇာတိမြေလို ခင်တွယ်ကြတဲ့ ဟာဇရာမျိုးနွယ်စုတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာလည်း ကြံရာပါအဖြစ် သတ်မှတ်ခံရသူပါ။

တာလီဘန်တွေ အာဏာပြန်ရတယ်ဆိုရင်ပဲ ရှေးဟောင်းပစ္စည်းတွေကို အစဖျောက်ခိုးယူတာ၊ ရှေ့ဟောင်းယဉ်ကျေးမှု အဆောက်အအုံသစ်တွေကို တည်ဆောက်တာတွေက  ရမ်းရမ်းကားကား အကောင်အထည်ဖော်တယ်။ ဗုဒ္ဓရုပ်ပွားတော်တွေ၊ ဂူတွေကို ဖောက်ခွဲဖျက်ဆီးနေရုံမကပါဘူး။ ဟာဇရာလူမျိုးတွေကိုလည်း အနိုင်ကျင့်တယ်။ ရှီယိုက် အစ္စလာမ်ဘာသာအပေါ် သက်ဝင်ယုံကြည်ကြတဲ့ ဟာဇရာ မျိုးနွယ်စုတွေဟာ အာဖဂန်နစ္စတန်လူဦးရေ ၃၈ သန်းထဲမှာ ၁၀ ရာခိုင်နှုန်းရှိတဲ့ လူနည်းစု ဖြစ်ပါတယ်။ ဟာဇရာမျိုးနွယ်စုတွေဟာ သူတို့ဒေသထဲက ရှေ့ဟောင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေအဖြစ် သူတို့ကိုယ်သူတို့ မှတ်ယူထားကြသူတွေပါ။

အာဖဂန်နစ္စတန်မှာ ၁၉၉၆  ပြည်တွင်းစစ်အပြီး တာလီဘန်တွေ အာဏာရခဲ့တဲ့ နောက်ပိုင်း ဘာမီယန်ပြည်နယ်ထဲမှာ ဟာဇရာမျိုးနွယ်ထောင်ချီ အသတ်ခံခဲ့ရတယ်။ မကြာသေးခင်နှစ်တွေ အတွင်းမှာပဲ ဟာဇရာလူမျိုးတွေရဲ့ အိမ်တွေ၊ ကျောင်းတွေ၊ ဗလီတွေ ဖျက်ဆီးခံရခဲ့ရတယ်။ တာလီဘန်တွေ တကျော့ပြန် အာဏာရလာတဲ့အချိန်မှာတော့ ဒီလို ဥပဒေမဲ့လုပ်ရပ်တွေကို တာလီဘန်တွေနဲ့ ပြိုင်ဖက် အစ္စလာမ္မစ် စတိတ် (IS) လက်အောက်ခံ အကြမ်းဖက် အဖွဲ့ခွဲ ကိုရာစန် (Khorasan) က သူတို့ လုပ်ရပ်အဖြစ် ကြေညာတယ်။

ဘာမင်ယန်ပြည်နယ်ထဲမှာ ရှေးဟောင်းခတ် ဗုဒ္ဓသာသာ အမွေအနှစ်တွေကို ဖျက်ဆီးတာကို ဟာဇရာမျိုးနွယ်စုတွေအပေါ် တိုက်ရိုက်တိုက်ခိုက်တဲ့ လုပ်ရပ်အဖြစ် ကျွမ်းကျင်သူတွေက မြင်ကြတယ်။ “တာလီဘန်တွေက ဘာမီယန်ပြည်နယ်ထဲက ဗုဒ္ဓဘာသာ အမွေအနှစ်တွေကို မှားယွင်းတဲ့ ရုပ်တုကိုးကွယ်မှုရဲ့ နမူနာတစ်ခု၊ ဟာဇရာတွေကိုလည်း အယူလွဲသူတွေဆိုပြီး စွပ်စွဲ ကြုံရင်ကြုံသလို ဝါဒဖြန့်လာတာ။”လို့ ဒတ်ချ်လူမျိုး ရှေးဟောင်းအမွေအနှစ်ပညာရှင် တီစီယာဗာဗားက မနှစ်က ရေးသားခဲ့တယ်။ “ ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးခြင်း အားဖြင့် တာလီဘန်တွေဟာ ဟာဇရာ လူမျိုးတွေကို အရေးမပါ၊ အရာမရောက်တဲ့ လူမျိုးတွေ ဖြစ်အောင်၊ သူတို့ ယဉ်ကျေးမှုကို ပျောက်ကွယ်သွားအောင် လုပ်တဲ့နေရာမှာ ဟာဇရာမျိုးနွယ်တွေရဲ့ အိမ်တွေကို မီးရှို့တာ၊ ဒီမျိုးနွယ်တွေကို သူတို့ နေထိုင်တဲ့ တောင်ကြားဒေသကို စွန့်ခွာအောင် လုပ်တာတွေလည်း  ရှိတယ်” လို့ ဆိုတယ်။

တာလီဘန်တွေ နောက်တခါ အာဏာပြန်ရလာတဲ့အခါမှာ သူတို့ဟာ ရှေးဟောင်းနယ်မြေတွေကို ဖျက်ဆီးတယ်၊ ရှေးဟောင်း အမွေအနှစ်တွေကို လုယက်တယ်။ ဒေသခံတွေ အဆိုအရ ဆာဟဒ္ဒီဟာ အာဖဂန်လူမျိုးမဟုတ်တဲ့ လူတွေကို သတ်ဖြတ်တာ၊ လုယက်တာတွေ အများကြီးလုပ်ခဲ့တယ်။ တာလီဘန်တွေဟာ ဧရာမ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနားမှာ ရှေးဟောင်းနယ်မြေနှစ်နေရာကို တူးဖော်ခဲ့တယ်လို့ Art Newspaper သတင်းစာက ဖော်ထုတ်ရေးသားပါတယ်။အစဉ်အဆက် ထိန်းသိမ်းထားတဲ့ ရှေးဟောင်း ဂူကျောင်းတစ်ကျောင်းကိုလည်း တူးဖော်ပြီး တာလီဘန်တွေ ဘာတွေ ရသွားသလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ တာလီဘန်တွေရဲ့ ထင်ရာစိုင်းလုပ်ရပ်တွေ တကျော့ပြန်လာပါပြီ။ အမည်အဖော်လိုတဲ့ ယူနက်စကို အရာရှိတစ်ယောက်ကတော့  တာလီဘန်ခေါင်းဆောင်တွေဟာ ၂၀၀၁ ခုနှစ်တုန်းက ရှေးဟောင်းဗုဒ္ဓရုပ်ပွားနှစ်ဆူကို ဖျက်ဆီးခဲ့စဉ်ကလည်း ရှေးဟောင်းပစ္စည်းတွေကို ခိုးယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ရှေးဟောင်း ပစ္စည်းတွေကို သူတို့ ခိုးယူပြီး မှောင်ခိုဈေးကွက်မှာ ရောင်ခဲ့တယ်။ အခုလည်း ဆာဟဒ္ဒီက အရင်အတိုင်း ပြန်လုပ်နေတယ်၊ အခုဆိုရင် ဘာမီယန် ပြည်နယ်ထဲမှာ ရှေးဟောင်း နယ်မြေတွေကို တူးဖော်နေပြန်ပြီ” လို့ ယူနက်စကို အရာရှိက ပြောပါတယ်။

ဆာဟဒ္ဒီဟာ အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်းမှာ ၁၉၇၀ ပြည့်နှောင်းပိုင်းက တူးဖော်ခဲ့တဲ့ ရှေးဟောင်းဂူသင်္ချိုင်း ၆ ခုနှစ်မှာ တွေ့ရှိခဲ့ရတဲ့ အဖိုးမဖြတ်နိုင်တဲ့  ရွှေနဲ့ ရတနာတွေလိုမျိုး ရတနာသိုက်တွေကို ရှာဖွေနေတာလို့ သတင်းအရင်းအမြစ်တွေက ဆိုကြတယ်။ ဆိုခဲ့တဲ့ ရတနာသိုက်ထဲမှာ နှစ်ပေါင်း ၂၀၀၀ သက်တမ်း ရှိတဲ့ ငါးလက်မအရွယ် ရွှေခေါက်သရဖူ၊ ရတနာစီခြယ်ထားတဲ့ ဓားမြှောင်၊ မြှားနတ်မောင်ရုပ်၊ လင်းပိုင်ရုပ်၊ သိုးရုပ်၊ နဂါးရုပ်၊ နတ်ဘုရား ရုပ်တု စတာတွေ ပါဝင်ပါတယ်။ ဒီပစ္စည်း အမျိုးစုံဟာ ၂၂၀၀ ဘီစီ နဲ့ အေဒီ ၂၀၀ အကြား မိုင်ပေါင်း ၅၀၀၀ ကျော် ခရီးဝေးတဲ့ မြေထဲပင်လယ်နဲ့ တရုတ်ပြည်တို့ကြားက ကုန်သွယ်ရေး ခြေရာလက်ရာတွေလို့လည်း ဆိုနိုင်ပါတယ်။ တာလီဘန်တွေ ပထမအကြိမ် အာဏာရခဲ့စဉ်က ဒီရတနာတွေကို အာဖဂန်အမျိုးသား ပြတိုက်ဥက္ကဋ္ဌ အိုမာရာခမ်း မာဆိုဒီ လက်ထဲမှာ ၂၀၀၄ ခုနှစ်အထိ လုံလုံခြုံခြုံသိမ်းဆည်းပြီး၊ တခြား နိုင်ငံတွေက ပြတိုက်တွေမှာ လှည့်လည်ပြသခဲ့ဖူးတယ်။ နောက်ဆုံး ရတနာတွေကို ကဘူးလ်က သမ္မတအိမ်တော်မှာ ထားခဲ့တယ်လို့ အဆိုရှိခဲ့ပြီး၊ အခုတော့ ပျောက်ဆုံးနေပါတယ်။

ဘာမင်ယန် တောင်ကြားကို ယူနက်စကိုက လူသားအားလုံးအတွက် ရှားပါးပျောက်ကွယ်ခါနီး အမွေအနှစ်တွေ တည်ရှိရာဒေသအဖြစ် သတ်မှတ်ထားပါတယ်။ မနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ တာလီဘန်တွေ တကျော့ပြန် အာဏာရလာတဲ့အခါမှာတော့ ယူနက်စကိုက ဘာမင်ယန်ဒေသကို ကာကွယ်ဖို့၊ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ဆော်သြခဲ့ပေမယ့် တကယ့်မြေပြင်မှာ ကုလသမဂ္ဂ အေဂျင်စီက စောင့်ကြည့်ဖို့ ခက်ခဲပါတယ်။ တာလီဘန်တွေက ပေးတဲ့ ကတိကဝတ်ဆိုတာကလည်း ယုံရခက်ပါတယ်။  

တာလီဘန်တွေဟာ အာဏာပြန်ရလာခါစက မိန်းကလေးတွေရဲ့ပညာသင်ကြားခွင့်၊ အမျိုးသမီးတွေ အဝတ်အစား ကိစ္စတွေအပေါ်မှာ သဘောထားကြီးသယောင် ပြောဆိုခဲ့ပေမဲ့ နောက်တော့လည်း သဘောထားတင်းမာတဲ့ ခေါင်းဆောင်တွေ အပေါ်စီး ရလာတဲ့အခါမှာ သူတို့ နဂိုလမ်းကြောင်းအတိုင်း ပြန်လိုက်သွားတာပါပဲ။ ဒါကို ထောက်ရင်  ရှေးဟောင်းအမွေအနှစ်ကိစ္စကလည်း စိုးရိမ်စရာပါ။  အာဖဂန်နစ္စတန်နိုင်ငံအနှံ့မှာ ကျန်ရှိနေဆဲ ဗုဒ္ဓဘာသာ အမွေအနှစ်တွေဟာ အာဖဂန်နစ္စတန်ဟာ အိန္ဒိယကနေ တရုတ်၊ ဂျပန်၊ ကိုရီးယားအထိ ဗုဒ္ဓသာသနာ ပျံ့ပွားရေးမှာ ပထဝီဒေသအရ ဘယ်လောက်အရေးပါခဲ့သလိုဆိုတာကို သက်သေခံနေပါတယ်။ ကဘူးလ်မြို့ အပြင်ကို ထွက်လိုက်တာနဲ့  နှစ်ပေါင်း ၂၀၀၀ က ရှေးခေတ် ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ မြို့ဟောင်းရာ (Mes Aynak)  ရှိနေပါတယ်။

ဒါပေမဲ့ အစ္စလာမ်ဘာသာကို ကျဉ်းကျဉ်းမြောင်းမြောင်း အဓိပ္ပါယ်ဖွင့်ဆိုတဲ့ တာလီဘန်တွေဟာ တခြားဘာသာတရားတွေကို လေးစားမှုမရှိဘဲ၊ ဖျက်လိုဖျက်ဆီး လုပ်တဲ့နေရာမှာ နာမည်ဆိုးကျော်သူတွေပါ။ သူတို့ ပထမအကြိမ်အာဏာရတဲ့ ငါးနှစ်အတွင်း ဘာမင်ယန် တောင်ကြားက ဗုဒ္ဓရုပ်ထုတွေကို ဖျက်ဆီးခဲ့ပါတယ်။ နောက်တော့ နယူးယော့ခ်နဲ့ ဝါရှင်တန်မှာ တာလီဘန်တွေက အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တာကို  လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ မဟာမိတ်တွေက ဝင်တိုက်ပြီး တာလီဘန်ခေတ် နိဂုံးချုပ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်နှစ်ခုက လပိုင်းပဲ ကြာပါတယ်။

တာလီဘန်ခေတ်လွန်သွားတဲ့အခါ အာဖဂန်က ပညာရှင်တွေ၊ နိုင်ငံတကာက ပညာရှင်တွေဟာ ဘာမင်ယန်တောင်ကြားဒေသမှာ ကျန်နေတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို မပျက်စီးအောင် ထိန်းသိမ်းလာခဲ့တယ်။ ယူနက်စကို၊ ဂျပန်၊ တောင်ကိုရီးယားတို့က ဒေါ်လာသန်းပေါင်းများစွာ ထည့်ဝင် အကုန်ကျခံပြီး ဗုဒ္ဓဘာသာ အမွေအနှစ်တွေကို ထိန်းသိမ်းလာတာ ဖြစ်ပါတယ်။ ဒီကြားထဲ တချို့ ရှေးဟောင်းဂူတွေဟာ ယိုယွင်းပျက်စီးတဲ့ အခြေဆိုက်နေပြီး၊ တချို့ ဂူတွေဟာ ဆင်းရဲသားတွေရဲ့နေအိမ်၊ တချို့က ဆင်းရဲသားကလေးတွေရဲ့ စာသင်ကျောင်း၊ တချို့က မူးယစ်ဆေးဝါး သုံးစွဲတဲ့နေရာ ဖြစ်နေပါတယ်။

ဘာမင်ယန် တောင်ကြားဒေသဟာ သိုက်တူးသမားတွေ နှစ်ပေါင်းများစွာ ရှာဖွေ တူးဖော်၊ လုယက် ခိုးယူတာခံရလို့ တန်ဖိုးကြီးကြီးမားမားဆိုလို့ ကုန်သလောက်ဖြစ်သွားပြီလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။တချိန်တုန်းက ဂျုံခင်းတွေဘက်ကို မျက်နှာမူလျက် ရပ်တော်မူ ရုပ်ပွားတော်တွေနှစ်ဆူ ရှိခဲ့ဖူးတာဟာ အခုတော့ ပုံပြင်တစ်ပုဒ်လို ဖြစ်ခဲ့ရသလို၊ တာလီဘန်တွေ လက်ခုပ်ထဲကျရောက်နေတဲ့ နောက်ဆုံး လက်ကျန် ရှေးဟောင်းအမွေအနှစ်တွေဟာလည်း မကြာခင်မှာ လူမသိသူမသိ ပျောက်ကွယ်သွားတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

နေသွင်ညိဏ်း

(Foreign Policy  မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ The Taliban Take Aim at Buddhist Heritage By Lynne O’Donnell ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။)

11 mins Ago

May 19, 2022

တစ္ဆေနှစ်ကောင်ထဲက တစ်ကောင် ရွေးရမယ့် ရွေးကောက်ပွဲ

သြစတြေးလျနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ ကျန်တော့ အချိန်မှာ မဲဆန္ဒရှင်တွေကြားမှာ အမြင်ကွဲပြားနေတုန်းပါပဲ။ နေထိုင်မှု စရိတ်စကတွေ မြင့်မားလာတာ၊ ရာသီဥတု ပြောင်းလဲမှုနဲ့ လူကြိုက်နည်းတဲ့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ကိစ္စတွေဟာ မဲဆန္ဒရှင်တွေ ဘယ်ပါတီကို မဲပေးမလဲဆိုတာကို အဓိက အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ရွေးကောက်ပွဲဟာ မေလ ၂၁ ရက်နေ့ စနေနေ့မှာ စတင်မှာဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အကြိုစစ်တမ်းတွေအရ မော်ရစ်ဆင်ရဲ့ လစ်ဘရယ်နေရှင်နယ်ညွန့်ပေါင်းဟာ အန်တိုနီ အယ်လ်ဘန်နီ ခေါင်းဆောင်တဲ့ ဗဟိုလယ်ဝဲယိမ်း လေဘာပါတီကို ပွတ်ကာသီကာ အရေးနိမ့်နေတာ တွေ့ပါတယ်။ ဒါဟာ ၉ နှစ်ကြာ ကွန်ဆာဗေးတစ် အစိုးရခေတ် အဆုံးသတ်တော့မယ့်  သဘောဖြစ်ပါတယ်။ 

လူနေမှု စရိတ်တွေ မြင့်တက်နေတာဟာ မဲဆန္ဒရှင် အများစုကြားမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ သြစတြေးလျမှာ ကျန်ခဲ့တဲ့လတွေအတွင်း လုပ်အားခ မဆိုစလောက်လေး တိုးခဲ့ပေမယ့် ကုန်ဈေးနှုန်းတိုးနှုန်းက လုပ်ခ လစာတိုးနှုန်းနဲ့ နှိုင်းစာရင် နှစ်ဆ ပိုမြင့်ခဲ့တယ်လို့ စစ်တမ်းတွေက ပြသနေပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေး၊ ငွေကြေးဖောင်းပွမှု၊ ရာသီဥတု ပြောင်းလဲမှု၊ ယူကရိန်း စစ်ပွဲ၊ တရုတ်ရဲ့ အန္တရာယ် စသဖြင့် မဲဆန္ဒရှင်တွေ သည်းခြေကြိုက်နိုင်မယ့် ကိစ္စရပ်တွေကို ပြိုင်ဘက် နိုင်ငံရေးသမားတွေက ပါးစပ်ဖျားကမချဘဲ မူဝါဒ အပြောင်းအလဲတွေ အကြီးအကျယ် လုပ်တော့မယ့်သဘောမျိုး ကတိပေးနေတာ တွေ့ရပါတယ်။ 

ဒါပေမဲ့ ပင်လယ်စာရောင်းတဲ့ Bondi Surf Seafoods  ကုမ္ပဏီ ပူးတွဲပိုင်ရှင် Paul Georgiou က လက်ရှိဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ ကိုဗစ်ကပ်ဘေးကို ကောင်းကောင်းကိုင်တွယ်နိုင်သလို၊ သူ့အတွက် အမာခံမဲတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ 

“ကိုယ် အကြောင်းသိပြီးသား သရဲကိုပဲ ဆက်မွေးထားမလား၊ ကိုယ်မသိတဲ့ မကောင်းဆိုးဝါးကို ပြောင်းမွေးမလားလို့ မေးရင် ကျနော်ကတော့ ကိုယ် သိပြီးသား သရဲကိုပဲ ဆက်မွေးထားမယ်” လို့ ပြောပါတယ်။ 

လက်ရှိ ဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ ၂၀၁၈ သြဂုတ်လမှာ တာဝန်စယူခဲ့ပါတယ်။ သူ့လက်ထက်မှာ လူ ၂၄ ယောက် သေဆုံးပြီး ထောင်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့တဲ့ တောမီးကိစ္စ ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ဒီဇင်ဘာလထဲမှာ တောမီးကိစ္စ အသည်းအသန် ဖြစ်နေတဲ့အချိန်မှာ သူဟာ ဟာဝိုင်ရီမှာ အားလပ်ရက် အပန်းဖြေခရီးထွက်နေခဲ့လို့ ဝေဖန်ခံရပါတယ်။ ဝန်ကြီးချုပ်က ဒီကိစ္စအတွက် တောင်းပန်ခဲ့ရပါတယ်။ 

တောမီးကိစ္စကြောင့် လူကြိုက်နည်းခဲ့ရတဲ့ ဝန်ကြီးချုပ်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာတော့ ခဏတော့ နာမည်ကောင်း ပိုရပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံအလောက် ဖြစ်အောင် မလုပ်ပေးနိုင်တဲ့ ဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ ၂၀၂၀ နှစ်လယ်ကစလို့ လူကြိုက်နည်းလာပြန်တယ်လို့ Newspoll စစ်တမ်းမှာ ဖော်ပြနေပါတယ်။ ဒါတင်မက ဝန်ကြီးချုပ်ဟာ လွှတ်တော်ထဲမှာ အမျိုးသမီးတွေအပေါ် စော်ကားမော်ကား လုပ်တယ်။ အမျိုးသမီးတွေအပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံတယ်ဆိုပြီး စွပ်စွဲခံနေရပြန်ပါတယ်။ မေလ ၁၃ ရက်နေ့တုန်းကတော့ ဝန်ကြီးချုပ် မော်ရစ်ဆင်က စိတ်လိုက်မာန်ပါ သူ့အကျင့်ကို ရွေးကောက်ပွဲပြီးတဲ့အခါ ပြင်ပါမယ့်လို့ အာမဘန္တေ ခံပြန်ပါတယ်။ 

ဆစ်ဒနီက မဲဆန္ဒရှင်တစ်ယောက်ဖြစ်တဲ့ ရောဘတ် မက်ဒေါ့နယ်က “ကျနော်ကတော့ မော်ရစ်ဆင်ရဲ့ စရိုက်ကျတာကို မကြိုက်ဘူး။ မုသားဝါဒတွေ ပြောတာကိုလည်း လုံး၀ မကြိုက်ဘူး” လို့ ပြောပါတယ်။ 

“လိမ်တဲ့နေရာမှာတော့ သူ့ကို ဘယ်သူမှ မမီဘူး။ ကျနော်က မဲစပေးတဲ့ အရွယ်ကနေ တောက်လျှောက် ကြည့်လာတာ၊ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လိမ်တဲ့ နေရာမှာတော့ သူက အဆိုးဆုံးပဲ” လို့ ပြောပါတယ် 

ဒါပေမဲ့ မက်ဒေါနယ်က အယ်လ်ဘန်နီကိုလည်း သိပ်တော့ အထင်မကြီးလှဘူးလို့ ဆိုပါတယ်။ မီဒီယာတွေက မူဝါဒ အသေးစိတ်တွေကို မေးတဲ့အချိန်မှာ အယ်လ်ဘန်နီဟာ အိုးနင်းခွက်နင်းတွေ  ဖြစ်ခဲ့သလို၊ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ပထမဆုံးနေ့မှာပဲ သူဟာ အလုပ်လက်မဲ့နှုန်းကို တိတိကျကျ မပြောနိုင်ဘဲ မေ့တေ့တေ့ ဖြစ်ခဲ့လို့ မီဒီယာတွေက ဝေဖန်တာ ခံနေရပါတယ်။

ဆစ်ဒနီနဲ့ မယ်လ်ဘုန်းလို မြို့ကြီးတွေမှာတော့ ရာသီဥတု ပြောင်းလဲမှုကိစ္စကို စိတ်ဝင်စားတဲ့ မဲဆန္ဒရှင်တွေ ပိုများလာပါတယ်။ ဒါကြောင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အာရုံစိုက်တဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေဟာ မြို့ပေါ်မှာ ပိုပြီး မျက်နှာပွင့်နေတာ တွေ့ရပါတယ်။ ဒါကြောင့် လွှတ်တော်အသစ်ဟာ ဘယ်ပါတီမှာ အများစု မလွှမ်းမိုးနိုင်တဲ့ လွှတ်တော် ဖြစ်ပြီး၊ အနည်းစုပဲ နိုင်တဲ့ ပါတီက အစိုးရဖွဲ့တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။  

ဝန်ကြီးချုပ် မော်ရစ်ဆင်ရဲ့ စရိုက်ကို သူ့ပါတီထဲကရော၊ နိုင်ငံတကာ ခေါင်းဆောင်တွေဆီကပါ လူတွေက ဝေဖန်တဲ့အတွက် မဲဆန္ဒရှင်တွေကလည်း သူတို့ ခေါင်းဆောင်တွေအပေါ် လေးစားမှု ကျဆင်းနေကြပါတယ်။ ဝန်ကြီးချုပ်ဟာ ၂၀၁၉ ရွေးကောက်ပွဲကာလတုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥပဒေကို ကတိပေးခဲ့ပြီး တကယ်ဖြစ်မလာတဲ့အတွက်လည်း ဝေဖန်ခံနေရပြန်ပါတယ်။  

သြစတြေးလျနိုင်ငံမှာ ပြည်နယ်တိုင်း၊ နယ်မြေတိုင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီတွေ အသီးသီး ဖွဲ့စည်းထားပြီးဖြစ်လို့၊ ပြည်ထောင်စုအစိုးရမှာပဲ ကော်မတီ မရှိတာက လယ်ပြင် ဆင်သွားသလို ဖြစ်နေပါတယ်။

ရွေးကောက်ပွဲမှာ နောက်ထပ် လွှမ်းမိုးတဲ့ ကိစ္စတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး ထောက်ပံ့ကြေး ကိစ္စတွေ ပါဝင်ပါတယ်။ မေလ ၁၈ ရက်နေ့အထိ သြစတြေးလျ မဲဆန္ဒရှင် ၁၇ သန်းထဲက  ၆ သန်းကတော့ ကြိုတင်မဲပေးတွေကို စာတိုက်ကတဆင့်၊ ဒါမှမဟုတ် လူကိုယ်တိုင် ပေးပြီးကြပါပြီ။ ဒီနှစ် စာတိုက်ကတဆင့် ကြိုတင်မဲပေးတဲ့ ဦးရေဟာ ၂၀၁၉ ကထက် ၁ ဒသမ ၁ သန်း ပိုများတယ်လို့ ရွေးကောက်ပွဲ ဆိုင်ရာ တရားဝင်ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

နေသွင်ညိဏ်း

ရည်ညွှန်း၊ “The devil I know or the devil I don't know”: Australians split on election choice (Reuters)

4 weeks Ago
Up