ကရင်ပြည်နယ်၊ မြဝတီမြို့က ၁ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၄ ရပ်ကွက်နဲ့ ၅ ရပ်ကွက်တို့ရှိ လူနေအဆောက်အဦတွေကို မေ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက လိုက်လံချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့မနက် ၉ နာရီလောက်က မြဝတီ၊ အမှတ် ၄ ရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်းရှိ ခြံဝင်းအပါအဝင် နှစ်ထပ်ပျဉ်ထောင်အိမ်တလုံးကို အမှတ် ၄ အုပ်ချုပ်ရေးမှူးနဲ့ မြဝတီရဲစခန်းက ရဲ ၄ ဦးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က) အရ ချိပ်ပိတ်ထားတဲ့ အိမ်ဆိုတဲ့ ဗီနိုင်းလာကပ်သွားတယ်လို့ သိရပါတယ်။
ရဲ ၄ ဦး လက်နက်အပြည့်အစုံပါ ကားတစီးနဲ့ အမှတ် ၃ ရပ်ကွက်၊ အဓိဋ္ဌာန်အောင် ၂ လမ်းရှိ အလျားပေ ၃၀၊ အနံ ၁၅ ပေရှိ နှစ်ထပ်တိုက်တလုံးနဲ့ အမှတ် ၅ ရပ်ကွက်၊ မလိခလမ်းရှိ ဆောက်လက်စ RC နှစ်ထပ်တိုက်နဲ့ ခြံကိုပါ ချိပ်ပိတ်သွားတာပါ။
မြို့ခံတဦးက “ရဲကားတစီးနဲ့လာတာ၊ ရပ်ကွက်ရုံးက လူကြီး ၂ ယောက်ပါတယ်။ ဒီ အမှတ် ၄ ထဲက အိမ်တလုံးနဲ့ အမှတ် ၃ ဘက်က ၂ ထပ်အိမ်တလုံးပါ စာကပ်သွားတယ်။ အဲ့အိမ်တွေက လူမရှိတာကြာပြီ” လို့ ပြောပါတယ်။
ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီဘက်က အမှုဖွင့်ထားတဲ့သူတွေရဲ့ နေအိမ်တွေဖြစ်တယ်လို့ သိရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က) (ည) တွေနဲ့ အမှုဖွင့်ခံထားရပါတယ်။
အဲဒီနေ့ခင်းပိုင်းမှာပဲ မြဝတီမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ကံ့ကော်လမ်းမှာ ဖွင့်လှစ်ထားတဲ့ သုံးထပ်အဆောက်အဦ စံပယ်ဦး ဧည့်ရိပ်သာကိုပါ မမစ(မြဝတီ) (ပ) ၉၈/၂၀၂၃၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)(စ) နဲ့ ချိပ်ပိတ်သော့ခတ်သွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ[ Pan ]
ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဧပြီ ၂၄ ရက်က ဒေသခံ ပြည်သူပိုင်တဲ့ ကုန်စုံဆိုင်ဖွင့်ထားတဲ့ နေအိမ်တလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်သွားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကုန်စုံဆိုင်ပိုင်ရှင်လင်မယားရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “သူတို့ အဖမ်းခံထားရတာ တလပြည့်တော့မယ်။ PDF ထောက်ပံ့လို့ဆိုပြီး အဖမ်းခံရတာ။ ၂၄ ရက်နေ့ နေ့လယ်ပိုင်းလောက် စစ်တပ်က လာပြီး ချိပ်ပိတ်သွားတာ။ စာတန်းအနီရောင်ကြီးနဲ့ တပ်ပိုင်မြေဆိုပြီး ချိတ်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က PDF ထောက်ပံ့လို့ဆိုပြီး ကုန်စုံဆိုင်ပိုင်ရှင် ဦးဖိုးလှိုင်နဲ့ ဒေါ်နွဲ့နွဲ့ဝင်း လင်မယားနှစ်ဦးကို ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ဖမ်းဆီးခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှာ သူတို့ရဲ့နေအိမ် ကုန်စုံဆိုင်ကို ချိပ်ပိတ်သွားတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စတင်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်းမှာ ချိပ်ပိတ်သိမ်းဆည်းခံရမှုပေါင်း ၇၅၁ ခုအထိ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ထုတ်ပြန်ချက်အရ သိရပါတယ်။