ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် မင်းစောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ပါတယ်။
ကေအန်ယူမူတြော်ခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ ကိုးနဝင်းတပ်စခန်းကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် ညက မင်းစောကျေးရွာထဲကို လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ လုံးဟာ မင်းစောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ ရက်ကလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးပတ်ဝန်းကျင်ကို လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ပျက်စီးတာ မရှိဘူးလို့ ကေအန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က ဘီးလင်း၊ ဘားအံနဲ့ သထုံမြို့နယ်ကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
သထုံခရိုင် ကေအန်ယူထိန်းချုပ်နယ်မြေထဲမှာ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေကို ပိုမို လုပ်ဆောင်လာတာကြောင့် နှစ်ဖက် စစ်ရေး တင်းမာနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံ နေအိမ် ၁၅ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်အရ သိရပါတယ်။
အီကွေဒေါနိုင်ငံ ဆန်ဂါဘရီရယ်မြို့မှာ ဇူလိုင် ၂၆ ရက်က ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်မှုကြောင့် မိသားစု ၃၀၀ ကျော်ဟာ သူတို့ရဲ့နေအိမ်တွေဆီ ပြန်သွားလို့ မရသေးကြောင်း ကာချီပြည်နယ် စီရင်စုမှ ဂွီလာမို ဟာရီရာက ပြောပါတယ်။
ဇူလိုင် ၂၅ ရက်က ဆန်ဂါဘရီယယ်ရဲ့ အနောက်တောင်ဘက် ၅ ကီလိုမီတာ (၃.၁၁ မိုင်) အကွာမှာ ရစ်ခ်ျတာစကေး ၅.၅ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ပြောကြားခဲ့ပါတယ်။
ငလျင်ဟာ မြန်လွန်းလို့ တုံ့ပြန်ဖို့ အချိန်မရလိုက်ဘူးလို့ ဒေသခံ Lenin Tipas က ပြောပါတယ်။ ဒီငလျင်တွေဟာ တစက္ကန့်ရဲ့ အပိုင်းအစတွေမှာတောင် လှုပ်နေတာလို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် တချို့နေအိမ်တွေ ပျက်စီးခဲ့ပြီး တချို့ ပြိုကျခဲ့တာကြောင့် အိမ်တွေပြန်ပြီးနေလို့ မရသေးကြောင်း ဂွီလာမိုက ဆိုပါတယ်။
လူတွေကတော့ ပျက်စီးသွားတဲ့ အိမ်တွေ၊ အဆောက်အဦတွေနဲ့ ဘုရားကျောင်းတွေရဲ့ အပျက်အစီးတွေကြားကပဲ လမ်းတွေပေါ်မှာ ဖြတ်သန်းသွားလာနေကြတာပါ။
ငလျင်ဟာ အနက် ၁၀ ကီလိုမီတာ (၆.၂၁ မိုင်) ကို ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း USGS က ပြောကြားခဲ့ပါတယ်။