close

နေအိမ်မီးလောင်

close

April 11, 2023

မန္တလေးတွင် တိုင်းတရားလွှတ်တော် ဒု-ညွှန်မှူးအသတ်ခံရ၊ နေအိမ်မီးလောင်ပြီး အိမ်အကူ သေဆုံး

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၃၁ လမ်း-၆၅ လမ်း ၆၆ လမ်းမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း တရားလွှတ်တော် ဒု ညွှန်ကြားရေးမှူး အမျိုးသမီးအသတ်ခံရပြီး ၃ ထပ်တိုက် နေအိမ်မီးလောင်ကာ အိမ်အကူအမျိုးသမီး ၁ ဦးလည်း သေဆုံးနေတာ တွေ့ရတယ်လို့  မြို့ခံတွေထံကသိရပါတယ် ။

အနီးဝန်းကျင် နေထိုင်သူတဦးက"အိမ်ပိုင်ရှင်က အသက် ၅၀ နှစ်အရွယ်လောက်ရှိတဲ့ ဒေါ်လေးကြည်ဆိုတဲ့ အမျိုးသမီးပါ ဓားဒဏ်ရာနဲ့သေဆုံးနေပြီး အသက် ၃၀ ကျော်အရွယ်အိမ်အကူ မအေးသန္တာ ဆိုတဲ့အမျိုးသမီးလည်း သေဆုံးနေတယ်။ အဲ့ဒီအိမ်အကူ အမျိုးသမီးကတော့ ဘာဒဏ်ရာမှ မတွေ့ရဘူး " လို့ ပြောပါတယ်။

ဒေါ်လေးကြည်ကို ဘယ်သူ၊ ဘယ်အဖွဲ့က ဘာကြောင့် သတ်သွားတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။ 

မီးလောင်တဲ့နေရာကို မဟာအောင်မြေ မီးသတ်လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ မီးသတ်အဖွဲ့တွေလာရောက်ငြှိမ်းသတ်ရာ မနက် ၃ နာရီခွဲအချိန်မှာ မီးငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် နေအိမ်အတွင်းကပစ္စည်းတချို့ မီးလောင်‌ပျက်စီးသွားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေ နေ့စဉ်လိုဖြစ်ပွားနေပြီး မြို့လည် လူစည်ကားရာ နေရာတွေနဲ့ လမ်းမကြီး‌တွေပေါ်မှာလည်း နေ့ခင်းအချိန်မှာတောင် ဓားခုတ်လုယက်တာတွေ ဖြစ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။

12 mins Ago

March 3, 2022

မိုင်းယော်တွင် နေအိမ်မီးလောင်ပြီး ၃ နှစ်အရွယ် ကလေးငယ်နှင့် ဖခင် မီးလောင်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ် ပန်လော့ကျေးရွာမှာ မတ်လ ၂ ရက် ည ၁၂ နာရီကျော်က ဟင်းချက်ရာကနေ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဖခင်ဖြစ်သူ ဦးမိုင်းအိုက်လူနဲ့ ၃ နှစ်အရွယ် သမီးငယ် မီးလောင်သေဆုံးသွားပါတယ်။

မီးလောင်ရာကို လာရောက်ကူညီပေးတဲ့ ပရဟိတလုပ်ကိုင်သူ ကိုမိုင်းဘိုလင်းထွန်းက "ည ၁၂ နာရီကျော်လောက်က သူတို့အိမ် မီးစလောင်တာ။ အဲဒီအိမ်က မနက်စောစော တောင်ယာသွားတတ်တော့ ညကတည်းက ဟင်းချက်ထားရင်း မီးလောင်တာပါ။ သူ့အဖေက ၃ နှစ်အရွယ် သမီးလေးကို ဝင်ကယ်ဖို့ ကြိုးစားရင်း နှစ်ယောက်လုံး မီးထဲပါသွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးကျန်နေတဲ့ သမီးငယ်လေးကို ကယ်ဖို့ ကြိုးစားရင်း အဖေရော သမီးပါ မီးထဲပါသွားတာလို့ ဆိုပါတယ်။

ဦးမိုင်းအိုက်လူတို့မှာ မိသားစုဝင် ၅ ယောက်ရှိပြီး ဇနီးဖြစ်သူဟာ လားရှိုးမြို့ကို သွားနေတာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် သူတို့အိမ်နဲ့အတူ ဘေးက အိမ်တလုံးပါ မီးထဲပါသွားပါတယ်။

လက်ရှိမှာတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့အိမ်မှာ ကျန်ခဲ့တဲ့ သားအမိ ၃ ဦးနဲ့ မီးထဲပါသွားတဲ့ ဘေးအိမ်က မိသားစု ၃ ဦးတို့ဟာ တခြားနေအိမ်တွေမှာ ယာယီ နေထိုင်နေကြရပါတယ်။

1 year Ago
Up