မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာမှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက စစ်ဘေးရှောင် ပြည်သူပိုင်နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ငွေကြေးနဲ့ ရွှေထည်ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
မအူရဲစခန်းကို နိုဝင်ဘာ ၁၈ ရက်နေ့က ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ခိုက်ခဲ့ပြီးနောက် မအူရဲစခန်းမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်လောက် ရောက်ရှိ တပ်စွဲနေခဲ့ကြတာပါ။
ဒီနောက် စစ်ကောင်စီတပ်တွေဟာ မအူအောက်ဆိပ်ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့စဉ် ကျေးရွာအတွင်းက အိမ်တွေကို ဖျက်ဆီးခံရတာ၊ အိမ်တွင်းပစ္စည်းတွေ ရိုက်ခွဲခံရတာ၊ အိမ်ထဲမှာရှိတဲ့ ဆန်အိတ်၊ ဆီပုံး၊ ရွှေထည်ပစ္စည်းတွေ ခိုးယူခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျေးရွာသားတစ်ဦးက “သူတို့ခိုးတာက ပေါ်တင်ခိုးတာ သူတို့ခိုးတာပါလို့ ကမ္ဘာက သိအောင် သေနတ်တွေ ပစ်ဖောက် အိမ်တွေ ဖျက်ဆီးပြီးမှ ဝင်ခိုးတာ။ ခိုးတာကလည်းတန်ဖိုးကြီးတွေချည်းပဲ သူတို့ မကိုင်ဖူး၊ မမြင်ဖူးတဲ့ဟာတွေကို ရွေးခိုးတာ။ အခုမှသာ ပြန်လာနိုင်လို့ အခုမှသိရတာ။ ဘယ်နေ့ကတည်းက စိတ်ကြိုက် ဝင်ခိုးနေကြတာလဲမသိဘူး။ ရွှေထည်တွေရောခိုးတာ စားစရာမရှိတော့ ဆန်တွေ ဆီတွေကိုပါခိုးတာ၊ပိုက်ဆံတွေ့ရင် ပိုက်ဆံယူတာ ယူတာတင်မကဘူး အကုန်ရိုက်ခွဲသွားသေးတာ ဒင်းတို့မြန်မြန်သေမှအေးမှာပဲ “လို့ ပြောပါတယ်။
နေအိမ်ကပစ္စည်းတွေ ခိုးယူခံထားရတဲ့ ဒေသခံတစ်ဦးကလည်း “ TVတွေ ရိုက်ခွဲတယ်။ တချို့ကောင်းတဲ့ TV ဆိုရင် ယူသွားကြတယ်။ အိမ်တွေကို ဖျက်လို့ဖျက်ဆီးလုပ်သွားကြတယ်။ ဆန်အိတ်တွေ ယူသွားတယ်။ စောင်တွေ၊ အကျီတွေပါ မချန်ယူသွားကြတယ်။ ပြီးတော့ ရွာကိုပတ်ပြီး သေနတ်ပစ်ဖောက် ခြောက်ကြတယ်။ အဲဒီလိုတွေ သူတို့ပတ်လုပ်နေလို့လည်း ကျုပ်တို့ရွာကို မပြန်ရဲကြတာလေဗျာ။ အခုအိမ်ကိုပြန်ရောက်တော့မှ ဘာဆိုဘာမှမရှိတော့ပါဘူး”လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ ရွာသားတွေ အိမ်ပြန်လာစဉ် အပျက်အစီးတွေ တွေ့ခဲ့ရတာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်အထိ စာရင်းအရ နေအိမ်၂ လုံး ဖျက်ဆီးခံရ၊ TV နှစ်လုံး ရိုက်ခွဲဖျက်ဆီး၊ နှစ်လုံး ခိုးယူသွား၊ ဆန် ၁၁ အိတ် ၊ ဆီ ၁၂ ပုံး၊ ရွှေ ငါးမူးသားနဲ့ ၂ ပဲသားလက်စွပ်နှစ်ကွင်း၊ ငွေသား ကျပ် ၃ သိန်းနီးပါးနဲ့ စောင် ခြင်ထောင်ခေါင်းအုံး၊ အဝတ်အထည်တွေ ပျောက်ဆုံးသွားတယ် ဒေသခံတွေဆီက သိရပါတယ်။
ရွာမှာ သေနတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေဟာ ရွာကိုရေ ာအိမ်ကိုရော ပစ်ပြီးထွက်ပြေးကြရပြီး ရွာမှာ တချို့ မလိုက်နိုင်တဲ့ သက်ကြီးရွယ်အိုတချို့သာ ကျန်ရစ်ခဲ့တာပါ။ လက်ရှိအချိန် ရွာသား တချို့ အိမ်ပြန်သွားပေမဲ့ အများအပြားကတော့ စစ်တပ်ရန်ကို ကြောက်လို့ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဝန်ခြုံးရွာက နေအိမ်တွေနဲ့ ဈေးဆိုင်တွေကို သြဂုတ်လ ၂ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး မွှေနှောက်ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဝန်ချုံးရွာ နေအိမ် ၃၀ ကျော်နဲ့ စျေးဆိုင်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားတာလို့ ရွာခံတစ်ယောက်က ပြောပါတယ်။
“ကျနော်တို့ ဝန်ခြုံးရွာထဲကို ညနေပိုင်းလောက်က စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ပြီးတော့ နေအိမ်၊ စျေးဆိုင်တံခါးတွေ၊ TV၊ စလောင်း၊ ပန်ကာတွေနဲ့ ဝရန်တာတခုလုံး ရစရာမရှိအောင် ဖျက်ဆီးသွားတယ်။ နောက်ပြီးတော့ အိမ်မှာ မွေးမြူထားတဲ့ ကြက်တွေကိုလည်း ဖမ်းယူသွားတယ်။”
ဝန်းခြုံရွာမှာ PPDF တပ်ဖွဲ့နဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တာမျိုးမရှိပေမယ့် ရွာထဲကနေ ပျူစောထီးအဖွဲ့ဝင် ၁၅ ယောက်လောက်က စစ်ဘေးရှောင်ပြည်သူတွေ ရှိနိုင်တဲ့ နေရာတွေကို သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ပေါက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဝင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဝန်ခြုံးရွာထဲက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် PPDF တပ်ဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။