တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တကူကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်တိမ်းနေသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေ ဝင်ရောက်ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က စစ်ကောင်စီနဲ့ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြတာပါ။
အဲဒီလို ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်မှာ စစ်ကောင်စီဘက်က လူမရှိတော့တဲ့ နေအိမ်တွေထဲက ငွေကြေးတွေနဲ့ အသုံးဆောင်ပစ္စည်းတွေကို ယူဆောင်ပြီး ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တနင်္သာရီမြို့နယ် တကူကျေးရွာဘက်မှာ စစ်ကောင်စီနဲ့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတာနဲ့အတူ ကချင်ပြည်နယ်မှာ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထူးသဖြင့် ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်ပြည်တွင်းစစ်ပွဲကြောင့် အသက်ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်စစ်ရှောင်တွေရဲ့ နေအိမ်တွေပါမချန် ခိုးယူ လုယက် ဖျက်ဆီးလာကြတာ ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က ဝိုင်းမော်မြို့နယ် ဂါးယားယာန်ကျေးရွာရှိ စစ်ရှောင်နေအိမ်တစ်ခုမှာ မြစ်ကြီးနား အေးမြသာယာဘက်မှ ကွမ်းယာသည် ဦးရဲထက်အောင် ဆိုသူက နေအိမ် သံပန်းတွေ တံခါးတွေကို ဖျက်ပြီး စုပုံထားကာ ခိုးသယ်ဖို့ ကြိုးပမ်းနေစဉ် စစ်ရှောင်ကော်မတီတွေက ဖမ်းဆီးရမိခဲ့ပါတယ်။
“ဒီလူက တော်တော်ဆိုးတယ်။ လက်ပူးလက်ကြပ်မိတာတောင် ပိုင်ရှင် ယူခိုင်းသလိုလိုနဲ့ ဗြောင်လိမ် ဗြောင်စား၊ နေ့ခင်းကြောင်တောင်ကြီး လုပ်စားနေတာ။ ပြီးတော့ အိမ်ပေါ်တွေမှာလည်း ကျင်ကြီး ကျင်ငယ်တွေနဲ့ စစ်ရှောင်ဒေသခံတွေကို စော်ကားတာပဲ” လို့ ကော်မတီ၀င်လူကြီးတစ်ဦးက ဆိုပါတယ်။
အရင်ကလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ရွာတွေမှာ မသမာသူတွေက စစ်ရှောင်နေအိမ်တွေ ဖျက်ဆီးတာ၊ ကျွဲ နွားတွေ ခိုးယူတာ၊ လိမ္မော် အစရှိတဲ့ စားပင်သီးတွေ ခိုးယူ ရောင်းစားတာနဲ့ အိမ်ခေါင်မိုးသွပ်တွေ ခွာပြီး ခိုးယူခံရတာတွေ ရှိပါတယ်။