စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း ကရင်နီပြည်မှာ ဒေသခံ ၄၃၀ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၁၃၀၀ ကျော်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းက စစ်အာဏာသိမ်းနှစ်နှစ်အတွင်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ်တာကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံ ၃၀၂ ဦးရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၂၈ ဦး ရှိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
နှစ်နှစ်တာကာလအတွင်း လေကြောင်းကနေ တိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၁၉၀ ရှိခဲ့ပြီး ဘာသာရေးအဆောက်အဦ ၂၈ လုံးပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။ မရားဖမ်းဆီးခံထားရသူ ၂၇၉ ဦးရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း နှစ်နှစ်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း ၅၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅၈၁ ဦး သေဆုံးကာ စစ်ကောင်စီရဲ့ ယာဉ် ၅၈ စီး ပျက်စီးသွားခံ့သလို ပြည်သူကာကွယ်ရေးတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဘက်က ၂၁၉ ဦး ကျဆုံးသွားခဲ့ကြောင်း ဖော်ပြပါတယ်။
အာဏာသိမ်း နှစ်နှစ်တာကာလအတွင်း ကရင်နီပြည်မှာ စစ်ဘေးဒုက္ခသည် ၂ သိန်းဝန်းကျင်ရှိနေပြီး အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲတွေကြောင့် မကြာခဏထပ်မံ နေရာရွှေ့ပြောင်း စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ပြည်သူပိုင်ငွေကြေးနဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်တာနဲ့ ကျန်ရှိပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့(စကခ- ၁၃) စကခမှူး မျိုးဆက်အောင်၊ လက်အောက်ခံ(နဗဟ-၂) နဗဟမှူး ကိုကိုထက်နဲ့ (ခမရ-၅၆၁) ဒုတပ်ရင်းမှူး ရန်အောင်ဦးဆောင်ပြီး (ခမရ-၃၃၉) တပ်ရင်းစစ်ကြောင်းနဲ့အတူ ကွီးလုံးတိုင်တပ်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်ခဲ့ပါတယ်။
အဲဒီနောက် ကြယ်ဖလဲကျေးရွာကို သွားရောက်ပြီး ဒေသခံရွာသား စောခလို့ဖိုးကိရဲ့ နေအိမ်ကနေ ဆိုလာပြား ၂ ချပ်၊ မြတ်ရိတ်စက်တခု ၊ ထိုင်းဘတ်ငွေ ၂၅၀၀ ကို အဓမ္မ လုယူသွားပြီး ဒယ်အိုး ၄ လုံးနဲ့ ဆန်ပုံး ၃ ပုံးကို ဖျက်ဆီးခဲ့ပါတယ်။
ဒေသခံရွာသား တဦးက “ရွာမှာက အဲဒီကောင်တွေလာရင် ဘယ်သူမှမနေရဲဘူး။ လူမရှိတဲ့အချိန် သူတို့စိတ်တိုင်းကျယူတယ်။ ပြီးရင်ဖျက်ဆီးတယ်။ အခု စကခမှူး နဗဟမှူးတွေကိုယ်တိုင်က ပြည်သူပိုင်ပစ္စည်းခိုးယူတဲ့နေရာမှာ ကြံရာပါတွေ။ ဘယ်လောက်အခြေအနေဆိုးလဲဆို ခိုးမှစားရတဲ့ကောင်တွေ။ ပြီးရင် ရွာတွေပါမီးရှို့တဲ့ အဖျက်အမှောင့်စစ်တပ်”လို့ ပြောပါတယ်”
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တကုခီးကျေးရွာကိုပါဝင်ရောက်ပြီး ဒေသခံရွာသား စောဘလူမှူးရဲ့ VIVO ဖုန်းလုံး၊ စောဒေးဒေးစိုးရဲ့ VIVO ဖုန်း တလုံး၊ စောတာကလို့ရဲ့ VIVO ဖုန်းတလုံး၊ စောထီးမှူးစျေးဆိုင်ကနေ ကာလတန်ဖိုး မြန်မာငွေကျပ် ၁၆၀၀၀၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုပါ အတင်းအဓမ္မယူဆောင်သွားခဲ့ပါတယ်။
အဲဒီနေ့ မနက် ၁၀ နာရီလောက်ကလည်း ဆိပ်ကြီးဗျူဟာမှူး အောင်မျိုးထွန်း ဦးဆောင်ပြီး ခလရ-၃၂ တပ်စခန်းကနေ (၁၂၀မမ) လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကာလီခီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး ဒေသခံနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ ကော့ကရိတ်အမြာက်တပ်က တောင်ကြာအင်းစံပြကျေးရွာအတွင်းကို လက်နက်ကြီး (၁၅၀ မမ)နဲ့ ပစ်ခတ်ခဲ့လို့ တောင်ကြာအင်းဆေးရုံကုန်းနဲ့ ဒေသခံနေအိမ် ၂ လုံးပေါ်ကျရောက်ပေါက်ကွဲ မီးလောင်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။