close

နေအိမ် ၂ လုံး

close

June 4, 2021

လားရှိုးတွင် နေအိမ် ၂ လုံးမီးလောင်ပြီး သက်ကြီးရွယ်အို ဇနီးမောင်နှံ ၂ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ၁၁ နယ်မြေ ၄ ရှိ ခြံဝင်းတစ်ခုထဲမှာ ဇွန်လ ၄ ရက် ဒီကနေ့မနက် ၃ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး မီးလောင်သွားသလို အဘိုးအဘွား ဇနီးမောင်နှံလည်း သေဆုံးသွား ပါတယ်။ 

မီးလောင်ကြောင်းသတင်းကြားသိတာနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ကူညီ ငြှိမ်းသတ်ခဲ့ရာမှာ မနက် ၄ နာရီခွဲလောက်မှာ မီးငြိမ်းသွားပေမယ့် ဝင်းထဲက နေအိမ် ၂ လုံးစလုံး လောင်ကျွမ်းသွားသလို အသက် ၆၀ ကျော် အဘိုးအဘွား နှစ်ယောက်  ဆုံးသွားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လားရှိုး) မှ အဖွဲ့ဝင် စိုင်းညီညီဟန်က ဒီဗွီဘီကို ပြောပါတယ်။ 

“မီးသတ်ကား ၆ စီး အရန် မီးသတ်တွေရော ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပါ အင်အား ၃၀ ကျော်နဲ့ သွားငြှိမ်းကြတယ်။ သူက မြို့ပြင်ဘက်ကျတော့ ကျနော်တို့ရောက်သွားချိန်မှာ ၅၀ ရာခိုင်နှုန်း လောက် လောင်ပြီးနေပြီ၊ အရှိန်လည်းတော်တော်ပြင်းပါတယ်။ အဘိုးအဘွားက  မီးလောင်ဒဏ်ရာ တွေနဲ့ သေဆုံးနေပြီ၊  မီးက မနက် ၄ နာရီခွဲလောက်မှာ ငြိမ်းသွားပါတယ်၊ အထဲက ဘာပစ္စည်းမှ မရလိုက်ဘူး၊  ဘာကြောင့်လောင်ရသလဲဆိုတာလည်း မသိသေးပါဘူးခင်ဗျ။” 

မီးလောင်သွားတဲ့နေအိမ်မှာ ခြံဝင်းတစ်ခုထဲရှိ နှစ်ထပ်ပျဉ်ထောင်အိမ်နဲ့ ထရံကပ်အိမ်တို့ ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကိုတော့ သက်ဆိုင်ရာကတွက်ချက်နေပါတယ်။  မီးလောင်မှုကြောင့် ကျန်မိသားစုဝင် ၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားကြပါတယ်။ 

5 mins Ago

October 14, 2019

ဝါးခယ်မတွင် နေအိမ် ၂ လုံးမှ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သည့် ဆယ်ကျော်သက်  ၁ ဦးအား ဖမ်းမိ

ဧရာ၀တီတိုင်း ဝါးခယ်မမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က နေအိမ်တွင်း ရွှေထည်ပစ္စည်းတွေ ဝင်ရောက်ခိုးယူတဲ့ ဆယ်ကျော်သက်တဦးအား ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်နေ ဦးကျော်ရဲနိုင်ဟာ ဝါးခယ်မမြို့ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေတဲ့ သားဖြစ်သူ ဘုန်းပြည့်စုံမင်းအား အောက်တိုဘာလ ၁၃ ရက်နေ့ မနက်အစောပိုင်းက သွားရောက်ကြည့်ရှုနေစဉ် နေအိမ်အတွင်း လူစိမ်း ၁ ဦး ဝင်ရောက်သွားတယ်ဆိုပြီး အိမ်နီးချင်းတဦးက ဖုန်းဆက်လို့ နေအိမ်ပြန် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ နေအိမ် အခန်းအတွင်းရှိ သေတ္တာသော့ပွင့်နေပြီး ရွှေဘူးတွေနဲ့ ထည့်ထားတဲ့ လက်ကောက် ၃ ကွင်း အပါအဝင် ရွှေထည်ပစ္စည်းမျိုးစုံ ၉ မျိုး ပျောက်ဆုံးနေတာကို တွေ့ရှိရလို့ ဝါးခယ်မရဲစခန်းမှာ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်အား ရဲစခန်းက စုံစမ်းခဲ့ရာ ဝါးခယ်မမြို့ ပတ္တမြားရပ်ကွက် ဘုရားလမ်းထောင့်မှာ ကျောပိုးအိတ် ၁ လုံး လွယ်ထားတဲ့ မသင်္ကာဖွယ် အသက် ၁၇ နှစ်အရွယ် ထက်မြတ်လင်း(ခ)ဖိုးသားကို တွေ့ရှိလို့ စစ်ဆေးမေးမြန်းရာမှ ကျောပိုးအိတ်အတွင်း ဦးကျော်ရဲနိုင်ရဲ့ နေအိမ်မှ ခိုးယူခဲ့တဲ့ ရွှေထည်ပစ္စည်းမျိုးစုံ ၉ မျိုးအပြင် ဝါးခယ်မမြို့ သံကြိုးတိုင်ရပ်ကွက် နေအိမ်တလုံးကနေ ခိုးယူခဲ့တဲ့ ငွေ ၅၁၇,၆၀၀ ကျပ်၊ လက်ကိုင် ဖုန်း ၁ လုံးနဲ့ Laptop ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။ ဝါးခယ်မ မြို့မရဲစခန်းက ထက်မြတ်လင်း(ခ)ဖိုးသားကို (ပ)၁၇၆၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ခိုးမှု) နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
2 years Ago
Up