မြောက်ကိုရီးယားနိုင်ငံဟာ စစ်တပ်တည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သူ့နိုင်ငံရဲ့ နောက်ဆုံးပေါ်လက်နက်တွေကို ခင်းကျင်းပြသတဲ့ စစ်ရေးပြချီတက်ပွဲကို ဖေဖော်ဝါရီ ၈ ရက် ညမှာ ကျင်းပခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ်ပ် သတင်းဌာနက ဖော်ပြပါတယ်။
စီးပွားဖြစ်ဂြိုဟ်တုတွေကနေ လအတော်ကြာ ပြသထားတဲ့ ဓာတ်ပုံတွေအရ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ အဓိကချီတက်ပွဲအတွက် လေ့ကျင့်မှုတွေ လုပ်နေတယ်လို့ နိုင်ငံတကာ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ပုံမှန်ဆိုရင် ဒီချီတက်ပွဲတွေကို ပြုံယမ်းမြို့လယ်ရှိ ကင်မ်အီလ်ဆွန်းရင်ပြင်မှာ ကျင်းပလေ့ရှိပြီး နျူးကလီးယားထိပ်ဖူးတွေကို သယ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် လက်နက်အသစ်တွေကို မကြာခဏ ပြသလေ့ရှိပါတယ်။
ဗုဒ္ဓဟူးနေ့ ချီတက်ပွဲက ဂြိုဟ်တုဓာတ်ပုံတွေမှာတော့ ရင်ပြင်မှာ ထောင်နဲ့ချီတဲ့လူတွေ စုဝေးနေကြပြီး အနီးအနားမှာလည်း ဒုံးပစ်လောင်ချာတွေကို ချပြထားပါတယ်။
တခြားမီဒီယာတွေမှာ ကိုရီးယားပြည်သူ့တပ်မတော်တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တခြားပွဲအခမ်းအနားပေါင်း များစွာအကြောင်း အစီရင်ခံကြပေမဲ့လည်း ပြုံယမ်းရဲ့ နိုင်ငံပိုင်မီဒီယာဟာ ဗုဒ္ဓဟူးနေ့ညအထိ ချီတက်ပွဲအကြောင်း သတင်းမဖော်ပြပါဘူး။
ညသန်းခေါင်ကျော်ပြီးချိန် မြောက်ကိုရီးယားရဲ့ စစ်ရေးပြ စစ်ကြောင်း ၄ ကြောင်း ချီတက်မှု ပြီးဆုံးသွားပေမဲ့လည်း နိုင်ငံပိုင်မီဒီယာဟာ နောက်နေ့အထိ ဒီအခမ်းအနားအကြောင်း သတင်းမဖော်ပြပါခဲ့ဘူး။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဗုဒ္ဓဟူးနေ့ စစ်ရေးပြအခမ်းအနားကို ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိကို ချက်ချင်းမသိရသေးပါဘူး။