close

နော်ဝေစစ်လေယာဉ်

close

July 22, 2021

ရုရှားဗုံးကြဲလေယာဉ်များကို နော်ဝေစစ်လေယာဉ်များ စောင့်ကြပ်

ဘာရိန်းနဲ့နော်ဝေ ပင်လယ်တွေပေါ်မှာ ဖြတ်ကျော်ပျံသန်းနေတဲ့ ရုရှားရဲ့ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို စောင့်ကြပ်ဖို့ နော်ဝေစစ်တပ်က စစ်လေယာဉ်တွေ ဇူလိုင် ၂၁ ရက်က အရေးပေါ် ချက်ချင်း ပျံတက်ခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအခြေစိုက်တက်စ်သတင်းဌာနက ဖော်ပြပါတယ်။

ရုရှားလေယာဉ်ဟာ ကြားနေ ရေပိုင်နက်ပေါ်ကနေ ၇ နာရီကြာအောင် ပျံသန်းခဲ့တယ်လို့ လည်း ဝန်ကြီးဌာနက ပြောပါတယ်။ ကြားနေ ရေပိုင်နက်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပဋိပက္ခတွေအတွက် မေးခွန်း ထုတ်ရင် ကြားနေလေ့ရှိတဲ့ နိုင်ငံရဲ့ ပိုင်နက်ရေပြင်လို့ နိုင်ငံတကာ စစ်ဥပဒေတွေက တရားဝင် သတ်မှတ် ထားပါတယ်။

နော်ဝေလေတပ်ဟာ F-16 တိုက်လေယာဉ်တွေနဲ့ ရုရှားဗျူဟာမြောက် ဒုံးကျည်တင် လေယာဉ်ကို သူတို့ လမ်းကြောင်းအတိုင်း လိုက်ပါ စောင့်ကြပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားလေယာဉ်တွေက နော်ဝေနယ်စပ်နားက နိုင်ငံတကာ လေပိုင်နက်ထဲကို ပျံသန်း လာချိန်မှာ စစ်ရေးပြတာဟာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်းပဲလို့ နော်ဝေ ပူးတွဲ ဌာနချုပ်က ဗိုလ်မှူး အဲလိဇဘက် အိုက်ခ်လန်းက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဒါမျိုးက သီတင်းပတ်တိုင်း ဖြစ်နေတာလို့လည်း သူက ဆက်ပြောပါတယ်။

မနေ့မနက်ပိုင်းက လေယာဉ်တွေကို အမျိုးအစား ခွဲခြားဖော်ထုတ် အပြီးမှာ နော်ဝေ လေယာဉ်တွေဟာ နိုင်ငံမြောက်ပိုင်းက သူတို့ရဲ့ အခြေစိုက်စခန်းဆီ ပြန်လာခဲ့တယ်လို့ အိုက်ခ်လန်းက ပြောပါတယ်။

တကယ်လို့ အခြေအနေက ပြောင်းပြန်ဖြစ်ခဲ့ရင် ရုရှားကလည်း အလားတူ လုပ်လေ့ရှိ တယ်လို့ ရိုက်တာသတင်းဌာနမှာ ရေးပါတယ်။

1 min Ago
Up