နော်ဝေနိုင်ငံရဲ့ တောင်ပိုင်းမှာ မကြုံစဖူး ကြီးမားတဲ့ ကြယ်တံခွန်တစင်း ပေါက်ကွဲခဲ့လို့ ဇူလိုင် ၂၅ ရက်က လင်းထိန်မြည်ဟိန်းသွားခဲ့ပါတယ်။
ကြယ်တံခွန်ဟာ ကမ္ဘာမြေကို ထိမှန်ခဲ့ပုံရပြီး မြို့တော် အော်စလိုနဲ့ ဝေးပုံ မရဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ ထိခိုက်ပျက်စီးမှုရှိ မရှိ သတင်းတွေ ချက်ချင်း မထွက်လာ သေးပါဘူး။
အော်စလိုမြို့တော်တောင်ပိုင်း ဟုမ်းမက်စထရန်းမြို့က လှေဆိပ်မှာ တောက်ပတဲ့ အလင်းတန်းကြီး အနည်းဆုံး တစ်ကြိမ် လင်းလက် သွားတာကို ညသန်းခေါင်ကျော် ၁ နာရီ လောက်မှာ စမြင်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေနဲ့ ရုပ်သံတွေ လူမှုကွန်ရက်မီဒီယာပေါ်မှာ ပျံ့နေပါတယ်။
နော်ဝေဂျီယံ ကြယ်တံခွန်ကွန်ရက်က ဒီရုပ်သံနဲ့ တခြားသတင်းအချက်အလက်တွေကို အကဲဖြတ် စစ်ဆေးပြီး ကြယ်တံခွန်ရဲ့ မူရင်းအစနဲ့ ကြွေကျရာ နေရာကို အတိအကျ ထောက်ပြဖို့ ကြိုးစားနေပါတယ်။
ကြယ်တံခွန်ဟာ မြို့တော်အော်စလိုရဲ့ အနောက်ဘက် မိုင်လေးဆယ်အကွာက ဖှင်းနေးမာကာအရပ်သစ်တောထူတဲ့ ဒေသကို ကျရောက်ခဲ့ပုံရတယ်လို့ ကွန်ရက်က ပြောပါတယ်။
ကြယ်တံခွန်ဟာ တစက္ကန့်ကို ကီလိုမီတာ ၂၀အထိ အမြန်နှုန်းနဲ့ ပျံသန်းခဲ့ပြီး ကောင်းကင်မှာ အချိန် ၅ စက္ကန့်ကနေ ၆ စက္ကန့်လောက်အထိ လင်းသွားခဲ့တယ်လို့ ကွန်ရက်က ဆိုပါတယ်။