နော်ဝေနိုင်ငံ Froland မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ်ပန်းခြံမှာ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးသစ်ပင်ကို NUG အစိုးရ စိုက်ပျိုးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
NUG အစိုးရ ဝန်ကြီးတွေဖြစ်ကြတဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဟာ မြန်မာ့ နွေဦးတော်လှန်ရေးကို အားပေးထောက်ခံနေကြတဲ့ နော်ဝေနိုင်ငံရောက် မြန်မာတွေ စုပေါင်းကျင်းပတဲ့ စျေးရောင်းပွဲနဲ့ ရန်ပုံငွေရှာဖွေပွဲကို တက်ရောက်ခဲ့ကြချိန်မှာ ခုလို စိုက်ပျိုးခဲ့ကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေနဲ့ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်ထောင်စုဝန်ကြီး ၂ ယောက်က ရှင်းလင်းခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နော်ဝေနိုင်ငံကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု စတင်ချိန်ကတည်းက အာဏာရှင်ကို ခုခံတော်လှန်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုအတွက် အသက်ကို ရင်းနှီးဆောင်ရွက်နေကြသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်တုန်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ နော်ဝေနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် အကြမ်းဖက်မှု စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အပြစ်ပေး အရေးယူနိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာတော့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ NUG နော်ဝေဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ကိုယ်စားလှယ်ရုံး ရုံးအဖွဲ့မှူး ဒေါ်ဝတ်မှုန်ဝင်းနဲ့ ကိုယ်စားလှယ်ရုံးရဲ့ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာ ခရစ္စတီယန်စတုတ်ခ်တို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲပေါ် အမြင်တွေကိုလည်း အချင်းချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံအနေနဲ့ အရေးပေါ်လိုအပ်နေတဲ့ ရိက္ခာ၊ အကူအညီနဲ့ ဆေးဝါးတွေကို နယ်စပ်ဖြတ်ကျော် ပို့ဆောင်ပေးနိုင်ရေး၊ NUG အစိုးရကို အသိအမှတ်ပြု ထောက်ခံပြီးတော့ နော်ဝေနိုင်ငံအနေနဲ့ အရင်နှစ်က မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆန္ဒပြုထောက်ခံခဲ့သလို အခုနှစ်မှာလည်း ဆက်လက်ထောက်ခံမှု ပြုပေးဖို့နဲ့ ကာကွယ်မှုပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ အချက် ၆ ချက်ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
NUG အစိုးရ တာဝန်ရှိသူတွေနဲ့ နော်ဝေပါလီမန်အမတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တုန်းကလည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခုတကြိမ်မှာတော့ လူချင်း တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ကာ ပိုမိုအားကောင်းတဲ့ သံတမန်ရေးကို တည်ဆောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန် ၂ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း လက်ရှိအချိန်တိုင်အောင် လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် မွေးနေ့အကြိုပွဲကို ဇွန်လ ၁၆ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပဖို့ နော်ဝေနိုင်ငံ Froland မြို့ရှိ Aung San Suu Kyi Park Committee က စီစဉ်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနဲ့ နွေဦးတော်လှန်ရေးအရေးတော်ပုံကို ပိုမိုအာရုံစိုက်လာစေဖို့နဲ့ မတရားဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးခံရသူအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် တကမ္ဘာလုံးက စာနာထောက်ထားမှုနဲ့ အလေးအနက် တောင်းဆို ကြဖို့ရှိတယ်လို့ နော်ဝေနိုင်ငံမှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ထာဝရက မိန့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုပြုလုပ်မယ့်ပွဲကို NUG နိုင်ငံတော်ဒုသမ္မတက သဝဏ်လွှာပေးပို့သွားမှာဖြစ်ပြီး နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းလည်း တက်ရောက်ဖို့ ရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီး တရားစွဲထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်မှာဖြစ်ပါတယ်။