close

နော်ဝေ

close

May 4, 2023

စစ်တပ်နှင့် ဆက်နွှယ်နေသည့် Adani Group တွင် ရင်းနှီးမြှုပ်နှံမှု နော်ဝေ ပြန်ရုပ်သိမ်း၊ မြန်မာမှ ထွက်ခွာရန် တောင်းဆို

မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ Adani Group ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို နော်ဝေနိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရုပ်သိမ်းကာ အလုံးစုံဖယ်ရှားလိုက်ပြီး မြန်မာနိုင်ငံက စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ တာဝန်သိသိ နုတ်ထွက်ဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားအဖွဲ့တွေက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လတုန်းက နော်ဝေနိုင်ငံရဲ့ အချုပ်အခြာရန်ပုံငွေဖြစ်တဲ့ Norges Bank Investment Management (NBIM) က Adani Ports ကို သူတို့ စောင့်ကြည့်ရမယ့် စာရင်းမှာ ထည့်သွင်းခဲ့ပြီးနောက် အဲဒီကုမ္ပဏီနဲ့တခြား Adani Group ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလုံးစုံဖယ်ရှားလိုက်တာဖြစ်ပြီး တခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း အဲဒီလိုမျိုး လိုက်နာလုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

Justice For Myanmar အဖွဲ့၊ Stop Adani အဖွဲ့နဲ့ ဩစတြေးလျအခြေစိုက် Australian Center for International Justice (ACIJ) အဖွဲ့တွေက ပူးတွဲထုတ်ပြန်ရာမှာ ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ စစ်တပ် စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို အခွန်ငွေပေးပြီး အလုံ နိုင်ငံတကာဆိပ်ကမ်း အမှတ် (၂) ကို ဆက်လက်လုပ်ဆောင်နေတဲ့ Adani Ports & Special Economic Zone Limited (Adani Ports) ကိုလည်း  ရှုတ်ချလိုက်တာပါ။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Adani Ports က နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ပုန်းလျှိုးဝှက်လျှိုး အကျင့်ပျက် ခြစားနေတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအတွက် ငွေကြေးရှာဖွေပေးနေတာဖြစ်ပြီး၊ မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်ဆောင်ရာမှာ အစမှာကတည်းက ရိုးသားမှုမရှိခဲ့ပါဘူး။ သူတို့ မူလကြေညာထားတဲ့အတိုင်း ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အကုန်မှာ ထွက်ခွာရမယ့်အစား Adani Ports က မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံသူတွေကို မရိုးမဖြောင့် လှည့်စားခဲ့ပြီး ဝယ်ယူသူအကြောင်း ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့ရုံတင်မကပဲ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်နေချိန်မှာ မြန်မာစစ်တပ်အတွက် အကျိုးအမြတ် များမယ့် ဘဏ္ဍာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးပိုင်ဆိုင်မှုလုပ်ငန်းတရပ်ကို ဆက်ပြီးဖော်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဆီက ကျောက်မီးသွေးဝယ်ယူဖို့ Adani Power ရဲ့ ကြိုးပမ်းမှုဟာ အကောင်အထည်ပေါ်ခဲ့ရင် လုပ်ပိုင်ခွင့် အလွဲသုံးစား လိမ်လည်မှု မြောက်နိုင်ပြီး၊ စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ငွေကြေးကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ Adani Ports က စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေပြီး၊ သိသာထင်ရှားတဲ့ လာဘ်ထိုးငွေပေးချေမှုတွေ လုပ်ဆောင်နိုင်အောင် အိန္ဒိယအစိုးရက ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရက သူတို့ရဲ့ နိုင်ငံတကာတာဝန်တွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ လက်နက်ရောင်းချမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ ဒီလမ်းစဉ်ကို ပြောင်းလဲသင့်ပြီး၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲက အထောက်အထားအသစ်တွေမှာ မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း Adani Power ကုမ္ပဏီက မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းကနေ အိန္ဒိယနိုင်ငံကို ကျောက်မီးသွေးတင်ပို့ဖို့နဲ့ မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းတွေမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာတစ်စောင်ကို စစ်အုပ်စုဝန်ကြီးဆီ တင်သွင်းခဲ့ပါတယ်။ 

အဲဒီအချိန်မှာ စစ်အုပ်စုဟာ Adani ကုမ္ပဏီ ကျောက်မီးသွေးဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ဒေသက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးတရပ်ကို ဆင်နွှဲနေတာပါ။ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံတဝန်းက မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေက ဒီနေ့အချိန်အထိ ဆက်လက်ရှိနေပြီး၊ အဲဒီတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အတိုင်းအတာပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Justice For Myanmar က ထုတ်ပြန်ခဲ့တဲ့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကလည်း Adani Ports ဟာ MEC ကို ၂၀၁၉ ခုနှစ်အတွင်း ပေးချေခဲ့တဲ့ “မြေရှင်းလင်းခ” အမေရိကန်ဒေါ်လာ ၂၂ သန်း ရှိခဲ့တယ်လို့ ပြသနေပြီး ဒီပေးချေမှုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မှန်ကန်မှုရှိ၊ မရှိ စိုးရိမ်မှုတွေ မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အဲဒီငွေပေးချေမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ACIJ နဲ့ Justice For Myanmar တို့က ၂၀၂၁ ခုနှစ်မှာ ပထမဆုံး ရေးသားထုတ်ပြန်ခဲ့ပြီး အခုအခါမှာတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပေါက်ကြားလာတဲ့ သက်သေအထောက်အထားတွေနဲ့ အတည်ပြုပေးနိုင်ခဲ့ပါတယ်။

အလုံနိုင်ငံတကာဆိပ်ကမ်း အမှတ် (၂) စီမံကိန်းဟာ တည်ဆောက်-လည်ပတ်-လွှဲပြောင်း (ဘီအိုတီ) သဘောတူညီမှုနဲ့ MEC နဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ကုလသမဂ္ဂက သတိပေးခဲ့တဲ့အတိုင်း Adani Ports ကို မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်စေပါတယ်။ Adani Ports နဲ့ MEC တို့ရဲ့ သဘောတူညီမှုက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှုစစ်ဆင်ရေးပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ရေးသားခဲ့တဲ့ သူတို့ရဲ့ အစီရင်ခံစာမှာ ဒီဆိပ်ကမ်းစီမံကိန်းကိုလည်း သတ်မှတ်ဖော်ပြခဲ့ပါတယ်။

 အဲ့ဒီအစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ Adani Ports က သူတို့အနေနဲ့ MEC ကို အမေရိကန်ဒေါ်လာ သန်း ၉၀ ပေးချေထားကြောင်း ထုတ်ပြန်ခဲ့ပြီး ဩဂုတ်လမှာတော့ ACIJ နဲ့ JFM တို့က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထံ စာရေးသားပေးပို့ပြီး MEC အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှ ကင်းလွတ်ခွင့်ရရှိဖို့ Adani Ports ရဲ့ အထွေထွေလိုင်စင်လျှောက်ထားမှုကို ငြင်းပယ်သွားဖို့ တိုက်တွန်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဩစတြေးလျနိုင်ငံတို့မှာရှိတဲ့ Adani Ports ရဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေက ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

Australian Centre for International Justice ရဲ့ အမှုဆောင်ဒါရိုက်တာ Rawan Arraf ကတော့ “Adani Ports က အများပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ချေးငွေပေးအပ်သူတွေ၊ လူ့အခွင့်အရေး အသိုင်းအဝိုင်း၊ အထူးသဖြင့် မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်တယ်ဆိုတဲ့ Adani ရဲ့ ကြေညာချက် သတင်းတွေကို ကြိုဆိုခဲ့ကြတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ကိုထောက်ခံသူတွေအပေါ် မရိုးမဖြောင့်စွာနဲ့ လိမ်လည်လှည့်စားခဲ့တာ ဖြစ်ပါတယ်။ Adani က MEC နဲ့ ရာဇဝတ်အဖွဲ့အစည်း စစ်အုပ်စုရဲ့ လက်ထဲမှာ ပိုင်ဆိုင်မှုပစ္စည်းအဖြစ် ကျန်ခဲ့မယ့် ရန်ကုန်ဆိပ်ကမ်းကို ရောင်းချနိုင်ဖို့အတွက် တည်ဆောက်ရေးလုပ်ငန်းကို ဆက်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမရိုးဖြောင့်တဲ့ အပြုအမူတွေကို ဆန့်ကျင်ရှုတ်ချရမှာဖြစ်သလို ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ တာဝန်သိတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့နဲ့ Adani Ports ကနေ ရင်းနှီးမြှုပ်နှံမှုတွေ အပြီးတိုင် ရုပ်သိမ်းဖို့ တောင်းဆိုပါတယ်” လို့ပြောပါတယ်။

ဒါ့အပြင် ဩစတြေးလျနိုင်ငံရဲ့ အစိုးရတွေဟာ အမြတ်အစွန်းကိုသာ ဦးစားပေးပြီး ရာသီဥတု ဆိုးဆိုးရွားရွား ပျက်ပြားထိခိုက်စေတဲ့ လုပ်ငန်းလိုင်စင်တွေ ပေးထားတဲ့အတွက် Adani Group က ပိုပြီးရဲတင်းလာခဲ့တာဖြစ်ပြီး Adani Group ရဲ့ စစ်အုပ်စုနဲ့ မရှင်းလင်းတဲ့ စီးပွားရေးလုပ်ဆောင်မှုတွေအပေါ်မှာလည်း အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

12 mins Ago

April 27, 2023

ဆွီဒင်လွှတ်တင်ခဲ့သည့် သုတေသနဒုံးပျံ ချွတ်ယွင်းပြီး နော်ဝေတွင် ဆင်းသက်

ဆွီဒင်နိုင်ငံမြောက်ပိုင်းရှိ အစ္စရိန့်ချ်အာကာသစင်တာကနေ ဧပြီ ၂၄ ရက် အစောပိုင်းမှာ လွှတ်တင်ခဲ့တဲ့ ဆွီဒင်အာကာသကော်ပိုရေးရှင်း (SSC)ရဲ့  သုတေသနဒုံးပျံ ၁ စင်းဟာ ချွတ်ယွင်းပြီး အိမ်နီးချင်း နော်ဝေနိုင်ငံအတွင်း  ၁၅ ကီလိုမီတာ အကွာအဝေးမှာ ဆင်းသက်ခဲ့ပါတယ်။

အဲဒီဒုံးပျံဟာ လက်တွေ့စမ်းသပ်မှုတွေကို မြေဆွဲအားသုညမှာ လုပ်ဆောင်ခဲ့ပြီး အမြင့်ပေ ၂၅၀ ကီလိုမီတာကို ရောက်ရှိခဲ့ကြောင်း အေဂျင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုံးပျံဟာအမြင့် မီတာ ၁,၀၀၀ မှာ တောင်တွေပေါ် ဆင်းသက်ခဲ့ပြီး အနီးဆုံးနေရာကနေ ၁၀ ကီလိုမီတာအကွာကို ရောက်ရှိခဲ့တယ်လို့ SSC မှ ဆက်သွယ်ရေးအကြီးအကဲ ဖိလစ်အိုလာဆွန်က ဧပြီ ၂၅ ရက်မှာ ရိုက်တာကို ပြောပါတယ်။

တခုခု မှားယွင်းသွားတဲ့အခါ ဆွီဒင်နဲ့ နော်ဝေအစိုးရတွေရော တခြားလုပ်ဆောင်သူတွေကိုပါ အကြောင်းကြားရတဲ့နေရာမှာ လုပ်ရိုးလုပ်စဉ်တွေရှိတယ်လို့လည်း သူကဆိုပါတယ်။

သုတေသနဒုံးပျံထဲ ပါရှိတဲ့ အရာဝတ္ထုပစ္စည်းကို ပြန်လည်ရယူခြင်းလုပ်ငန်းကို ဆောင်ရွက်ဆဲဖြစ်ပြီး စီစဉ်ထားခြင်းမရှိတဲ့ ပျံသန်းမှုလမ်းကြောင်းနောက်ကွယ်ရှိ နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဆုံးဖြတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတခုကို စတင်လုပ်ဆောင်နေကြောင်းလည်း အေဂျင်စီက ပြောပါတယ်။

နော်ဝေအာဏာပိုင်တွေဟာ နော်ဝေနယ်စပ်မှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်မှု မှန်သမျှကို အလေးအနက်ထား ဆောင်ရွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်နဲ့ ပြောကြားပါတယ်။

ဝန်ကြီးဌာနကတော့ ဆွီဒင်အာဏာပိုင်တွေဆီက တရားဝင်အကြောင်းကြားစာကို မရရှိသေးဘူးလို့လည်း ဆိုပါတယ်။ အပျက်အစီးမှန်သမျှကို ဆယ်ယူဖို့ နော်ဝေပိုင်နက်မှာ အလုပ်လုပ်ဖို့အတွက် ကြိုတင်ခွင့်ပြုချက် လိုအပ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

SSC ပြောရေးဆိုခွင့်ရှိသူက ဒုံးပျံဟာ ဘယ်အကွာအဝေးမှာ ဆင်းသက်ကြောင်း ပြောနေချိန်မှာ ပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်းလည်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နော်ဝေမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ကတော့ မှတ်ချက်ပေးဖို့ ချက်ချင်း အဆက်အသွယ် မရသေးပါဘူး။

1 week Ago
Up