close

နေ့ကလေးထိန်းကျောင်း

close

October 6, 2022

ထိုင်းတွင် နေ့ကလေးထိန်းကျောင်းပစ်ခတ်မှု ကလေးအများစု အပါအဝင် ၃၂ ဦး သေဆုံး၊ သေနတ်သမားက ဇနီးနှင့် ကလေးကိုပါသတ်ပြီး အဆုံးစီရင်

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ နောင်ဘိုလမ်းဖူးခရိုင်ရှိ ကလေးထိန်းကျောင်းမှာ  အောက်တိုဘာ ၆ ရက် ဒီကနေ့ မွန်းလွဲပိုင်းက သေနတ်သမား တယောက်က  ဝင်ရောက်ပစ်ခတ်လို့ ကလေးငယ်အများစုအပါအဝင် အနည်းဆုံးလူ  ၃၂ ဦး သေဆုံးသွားတယ်လို့ ချန်နယ်လ် ၃ 3PlusNews ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မွန်းတည့်  ၁၂ နာရီကျော်က နောင်ဘိုလမ်းဖူးခရိုင် နားကလန်မြို့နယ် ဥထိုင်းဆဝမ်ရပ်ကွက်စီမံခန့်ခွဲရေးရုံးဝင်းထဲ ဖွင့်ထားတဲ့ နေ့ကလေးထိန်းကျောင်းကို  အဖြူရောင်ကားတစီးနဲ့ သေနတ်သမားဝင်လာပြီး ကျောင်းခန်းထဲက ကလေးတွေကို ဝင်ပစ်သွားသလို ပြန်ထွက်သွားတော့လည်း လမ်းပေါ်မှာ တွေ့သမျှလူတွေကို ပစ်ခတ်သွားတာကြောင့် သေဆုံးသူ အနည်းဆုံး ၃၂ ဦးရှိပြီး အများစုဟာ ကလေးသူငယ်တွေဖြစ်ကြောင်း၊ ဒဏ်ရာရသူတွေလည်း အများအပြားရှိပြီး ဆေးရုံကို အမြန်သယ်နေကြတုန်းမို့ လူဦးရေအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

သေနတ်သမားဟာ အသက် ၃၄ နှစ်ရွယ်ရှိ နိုင်းပန်းယား ခမ်းလပ်ဆိုသူ ရဲတပ်ကြပ်ဟောင်း တဦးဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် မကြာခင်ကမှ အလုပ်ဖြုတ်ခံထားရသူလို့ ဆိုပါတယ်။

ထိုင်းအရှေ့မြောက်ပိုင်း ရေကြီးမှုကို သွားရောက်စစ်ဆေးနေတဲ့ ဝန်ကြီးချုပ် ပရယုတ်ကျန်အိုးချားက ဒီဖြစ်ရပ်အတွက် လွန်စွာဝမ်းနည်းရကြောင်းနဲ့ သေနတ်သမားကို အမြန်ဆုံးဖမ်းဆီးဖို့ သက်ဆိုင်ရာကို ညွှန်ကြားထားပါတယ်။

ညနေ ၃ နာရီလောက် တက်လာတဲ့ နောက်ဆက်တွဲသတင်းအရ သေနတ်သမားဟာ သူ့မိန်းမနဲ့ ကလေးကိုလည်း ပစ်ခတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်သွားပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

9 mins Ago
Up