close

နေ့စဉ်စစ်ဆေးတွေ့ရှိ

close

September 16, 2022

ထားဝယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နေ့စဉ်စစ်ဆေးတွေ့ရှိနေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စက်တင်ဘာ ၇ ရက်နောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ တနေ့တယောက်လောက်  ပုံမှန်ပြန်ရှိလာနေကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

စက်တင်ဘာ ၇ ရက်ကနေ ၁၄ ရက်နေ့အထိ တပတ်အတွင်း ထားဝယ်ခရိုင်အတွင်းက လူ ၂၀၀ ကျော်ကို စစ်ဆေးရာ ထားဝယ်မြို့နယ်က ၅ ယောက်နဲ့ လောင်းလုံမြို့နယ်က တယောက် စုစုပေါင်း ၆ ‌ယောက် ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို တွေ့ရပါတယ်။

အခုနှစ် မတ်လ ၁၉ ရက်နောက်ပိုင်းမှာ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးတဲ့သူတော့ မရှိသေးဘူးလို့ သိရပါတယ်။

ရေဖြူမြို့နယ်က ကျေးလက်ကျန်းမာရေးဆရာမတယောက်က “ရာသီအကူးအပြောင်းဆိုတော့ အဖျားလူနာတွေ တအားများနေတယ်။ အဓိက ကလေးတွေပေါ့။ စစ်လိုက်ရင်တော့ ကိုဗစ် တွေ့နိုင်တယ်၊ မစစ်လို့ မတွေ့တာပါ” လို့ ပြောပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာလည်း ထိုင်းနိုင်ငံကနေ ပြန်ဝင်လာတဲ့သူတွေကို စစ်ဆေးတဲ့အခါ ကိုဗစ် အစုလိုက်အပြုံလိုက် တွေ့တာမျိုးလည်း ရှိနေပါတယ်။

ထားဝယ်ဒေသမှာ ထားဝယ်နာရေးကူညီမှုအသင်း တခုတည်းက တာဝန်ယူ သင်္ဂြိုဟ်ပေးခဲ့ရတဲ့ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူဟာ ၅၈၉ ဦးအထိ ရှိတယ်လို့ အဲဒီအသင်းကနေ သိရပါတယ်။

1 hour Ago
Up