close

နေ့အပူချိန်မြင့်တက်

close

April 19, 2023

မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် နေ့အပူချိန် အမြင့်မားဆုံးကာလ ကြုံတွေ့နေရ

၂၀၂၃ ခုနှစ် ဧပြီလလယ်လောက်ကစပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေနဲ့ တရုတ်နိုင်ငံမှာ နေ့အပူချိန် အမြင့်မားဆုံးကာလကို ကြုံတွေ့နေရပါတယ်။

ဧပြီ ၁၄ ရက်အထိ တိုင်းတာရရှိတဲ့ အပူချိန်တွေအရ ထိုင်းနိုင်ငံက အပူချိန် ၄၅ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ အပူဆုံးမှတ်တမ်းဝင်သွားခဲ့ပြီး မြန်မာနိုင်ငံမှာတော့ အမြင့်ဆုံးအပူချိန် ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ် ရှိခဲ့ကာ တရုတ်နိုင်ငံမှာလည်း မကြုံစဖူး ပူပြင်းတဲ့ နွေကာလတခုကို ဖြတ်ကျော်နေရတယ်လို့ ဝါရှင်တန်ပိုစ့်မှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နေပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက “ဧပြီလမှာ အပူချိန် မြင့်တက်လေ့ရှိပေမဲ့ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ပိုပူတယ်။ ဧပြီ ၁၈ ရက် မနေ့တုန်းကဆိုရင် ညောင်ဦးမြိုမှာ အပူချိန်ဖြစ်တဲ့ ၄၅ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရှိခဲ့ပါတယ်။ မိုးမရွာမချင်းကတော့ အပူချိန်မြင့်နေဦးမှာပဲ။ မိုးနည်းတဲ့နှစ်ဆို မေလအထိ ဆက်ပြီး အပူချိန်မြင့်တက်လေ့ရှိပါတယ်” လို့ ပြောပါတယ်။

အခုနှစ်မှာ ကြုံတွေ့ရမယ့် အယ်လ်နီညိုဟာ ပြင်းထန်တဲ့ရာသီဥတုမျိုး ဖြစ်တဲ့အတွက် ပူပြင်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေအဖြစ် မိုးတိမ်တောင်ရာသီဥတုပုံစံအရ ရုတ်တရက် မိုးထစ်ချုန်းရွာတာ၊ မိုးသီးတွေ ကြွေကျတာ၊ လေပြင်းမုန်တိုင်း တိုက်ခတ်တာတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရာသီဥတု ပူပြင်းမှုကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို အထက်အညာဒေသမှာ ကြုံတွေ့ခံစားရနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

“ဧပြီ ၁၉ ကနေ မေလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ တောင်ပေါ်ဒေသတွေမှအပ ကျန်ဒေသတွေမှာ အပူချိန် မြင့်တက်လာနိုင်တယ်” လို့ မိုးလေဝသ စောင့်ကြည့်ပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီ ၁၅ ရက် ထုတ်ပြန်ချက်အရ မကွေးတိုင်း၊ ‌ချောက်မြို့မှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဟာ အပူချိန်အများဆုံး ဒေသတွေ ဖြစ်ပါတယ်။

“အရင်နှစ်တွေထက် ဒီနှစ်က ဆိုးဆိုးရွားရွားပူတယ်။ နေလို့ကို မရဘူး။ အပူချိန် အရမ်းမြင့်တော့ ချင်းတွင်းမြစ်ရေ ကျတယ်” လို့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ခံတဦးက ပြောပါတယ်။

အပူလှိုင်းဟာ အချိန်တိုအတွင်း လူဦးရေအများအပြားကို ထိခိုက်စေနိုင်ပြီး နေ့၊ ည အပူချိန် ကြာရှည်မြင့်တက်ခြင်းဖြင့် ခန္ဓာကိုယ်ဇီဝကမ္မဆိုင်ရာ ဖိစီးမှုတိုးလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေ အပါအဝင် အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

နောက်ဆက်တွဲ လူမှုစီးပွားသက်ရောက်မှုတွေကိုလည်း ဖြစ်နိုင်တာကြောင့် ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ အပူဒဏ်ကာကွယ်ရမယ့် အချက်တွေကို လိုက်နာသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

11 mins Ago

April 28, 2022

နေ့အပူချိန် မြင့်တက်လာနေသဖြင့် သတိပြုရမည့်အချက်များ NUG ထုတ်ပြန်

မြန်မာပြည်တွင်းမှာ နေ့အပူချိန်တွေမြင့်တက်လာနေလို့ ပူပြင်းတဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင်နေကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က အသိပေးထားပါတယ်။

အပူရှိန်မြင့်မားတဲ့ကာလမှာ ခန္ဓာကိုယ်အပူချိန်မြင့်တက်တာ၊ ခေါင်းမူး ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာတို့ကို ကြုံရလေ့ရှိလို့ သတိပြုရမယ့်အချက်တွေကို လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

အပူရှိန်ပြင်းချိန်မှာ အရိပ်ရပြီး အေးမြတဲ့နေရာတွေမှာနေဖို့၊ အဆောက်အအုံတွေမှာ လေဝင်လေထွက် ကောင်းအောင် လုပ်ထားဖို့၊ ရေများများသောက်ဖို့နဲ့ နေပူထဲက ပြန်လာပြီး ချက်ချင်း ရေချိုးတာကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။

အရောင်ဖျော့ပြီး ပွချောင်တဲ့ ချည်ထည်တွေကို ဝတ်ဆင်ဖို့၊ အပူရှိန်ပြင်းတဲ့ အချိန်တွေမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို အလုံပိတ်ထားတဲ့ ကားတွေ၊ အခန်းတွေမှာ တယောက်တည်းထားခဲ့တာမျိုး သတိပြု ရှောင်ကြဉ်ဖို့၊ နေ့လယ်နေ့ခင်းတွေမှာ ကလေးတွေကို အဆောက်အအုံတွေရဲ့ အပြင်ဘက် နေ‌ရောင်နဲ့ တိုက်ရိုက် တွေ့နိုင်တဲ့နေရာတွေမှာ လှုပ်ရှားကစားတာမျိုး မလုပ်စေဖို့၊ ပူတဲ့ နေရောင်အောက်ကနေ အလွန်အေးတဲ့ အခန်းနဲ့ ကားထဲကို ချက်ချင်းဝင်တာ၊ အေးတဲ့အခန်းထဲကနေ ပူတဲ့အပြင်ကို ချက်ချင်းထွက်တာမျိုးတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်။

ပြီးတော့ မီးအန္တရာယ်ကိုလည်း သတိပြုဖို့နဲ့ ရေကို မလေလွင့်အောင် သတိပြုဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီကာလဟာ ဆိုးရွာပြင်းထန်ပြီး မိုးတိမ်တောင်တွေဖြစ်တာကနေ မိုးထစ်ချုန်းတာ၊ လေပြင်းတိုက်၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတာတို့ ဖြစ်နိုင်တာကို သတိပြုသင့်တယ်လို့ ဆိုပြီး မိုးဦး မိုးကြို မုန်တိုင်း ဖြစ်နိုင်တဲ့ ကာလလို့လည်း ဆိုပါတယ်။

ဒီတပတ်အတွင်းမှာလည်း မြန်မာနိုင်ငံအနှံ့ မိုးကြိုမိုးတွေ ရွာနိုင်ပြီး မိုးနဲ့အတူ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာ တို့ကို ကြုံရနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနကတော့ လာမယ့် မေလပထမပတ် တနိုင်ငံလုံးမှာ မေလရဲ့ ပျမ်းမျှ အပူချိန်ပဲရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။ မနေ့က အမြင့်ဆုံး နေ့အပူချိန်တွေကတော့ မြင်းခြံနဲ့ ချောက်မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦး၊ မကွေးနဲ့ မုံရွာမှာ ၄၃ ဒီဂရီ စင်တီဂရိတ်၊ ကလေးဝ၊ ရွှေဘို၊ ပခုက္ကူနဲ့ တောင်ငူမှာ ၄၂ ဒီဂရီစင်တီဂရိတ်၊ မန္တလေး၊ မော်လိုက်၊ ကလေး၊ ကန့်ဘလူတို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

နေ့အပူချိန်တွေဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၆ ဒီဂရီစင်တီဂရိတ်ပိုနေခဲ့ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့တယ်လို့ ဆိုပါတယ်။

12 months Ago
Up