၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ပြသခဲ့တဲ့ Avatar The Way of Water ရုပ်ရှင်က Global box office မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁ ဘီလီယံကျော်နဲ့ ဝင်ငွေအမြင့်ဆုံး နံပါတ် ၄ နေရာကို ရောက်ရှိလာပါတယ်။
ရုပ်ရှင်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကနေ ၄၅၀ ကြား အသုံးပြု ရိုက်ကူးထားတဲ့ Avatar The way of water ရုပ်ရှင်ဇာတ်ကားက တကမ္ဘာလုံးမှာ အောင်မြင်မှုတွေ ဆက်လက်ရရှိနေတယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်မှာတော့ ဂျိတ်ဆူလီနဲ့ နေးထီရိအနေနဲ့ သရုပ်ဆောင်ကြတဲ့ ဆမ်ဝပ်သင်တန်နဲ့ ဇိုးဆလ်ဒါနာ တို့ဟာ သူတို့မိသားစုနဲ့ မျိုးနွယ်တွေကို ကာကွယ်ဖို့အတွက် ဝေးလံတဲ့ ပင်လယ်သမုဒ္ဒရာထဲက မက်ကယီနာမျိုးနွယ်စုကို ထွက်ပြေးခဲ့ကြပြီး လူသားတွေကို ခက်ခက်ခဲခဲ ပြန်လည်ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတာပါ။
၂၀၀၉ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ Avatar ရုပ်ရှင်က ဝင်ငွေအမြင့်ဆုံး ရုပ်ရှင်တွေထဲမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၂ ဘီလီယံကျော်နဲ့ နံပါတ် ၁ နေရာ ရရှိခဲ့ပြီးနောက် ၁၃ နှစ် အကြာ ၂၀၂၂ ခုနှစ်မှာ နောက်ဆက်တွဲဇာတ်လမ်းအနေနဲ့ ထွက်ရှိလာတာပါ။
ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက ရိုက်ကူးထားတာဖြစ်ပြီး Avatar ၅ ထိ နောက်ဆက်တွဲ ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဝင်ငွေအမြင့်ဆုံး ရုပ်ရှင်မှတ်တမ်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉ ဘီလီယံကျော်နဲ့ နံပါတ် ၂ နေရာမှာ Avengers: Endgame က ရပ်တည်နေတာဖြစ်ပြီး နံပါတ် ၃ နေရာမှာတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉ ဘီလီယံကျော်နဲ့ Titanic ရုပ်ရှင်က ရပ်တည်နေတယ်လို့ သိရပါတယ်။