ရုရှားနှင့်ပေါင်းပြီး နျူကလီးယားစွမ်းအင်ကို နယ်ပယ်အသီးသီးမှာ သုံးဖို့ကြံစည်နေတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဖွင့်ပွဲမှာ ပြောခဲ့တာဖြစ်ပြီး အဲဒီစင်တာကို ရုရှနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations က ပူးပေါင်းထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။
ROSATOM ရဲ့ ပူးပေါင်းမှုနဲ့ မြန်မာနိုင်ငံမှာ Small Modular Reactor (SMR) (နျူကလီးယားဓာတ်ပေါင်းဖိုအသေးစား) တည်ဆောက် လည်ပတ်ရေးနဲ့ပတ်သက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မြှင့်တင်နိုင်မှာ ဖြစ်တဲ့အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်နိုင်ပြီး နျူကလီးယားစွမ်းအင်ကို လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းကင်း သုံးနိုင်မယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ROSATOM နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့လည်း ပြောပါတယ်။
သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ပြီးရင် နျူကလီးယား နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးလုပ်ငန်းတွေကို အစီအစဉ်အတိုင်း ဆက်လုပ်တော့မှာဖြစ်ပြီး နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
နိုင်ငံရဲ့ နျူကလီးယားအခြေခံအဆောက်အုံ တည်ထောင်နိုင်ရေးနဲ့ပတ်သက်လို့ နှစ်ဖက် ကျွမ်းကျင်သူတွေ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး လိုအပ်တဲ့ နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ရဲ့ မှတ်တိုင်ပါ အချက် ၁၉ ချက်အတိုင်း အကောင်အထည်ဖော်ဖို့ ပူးပေါင်းကြမယ်လို့လည်း ပြောပါတယ်။
ရုရှပိုင် ROSATOM ရဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေးမှာ အရည်အချင်းပြည့်မီတဲ့ ကျွမ်းကျင်ပညာရှင်တွေလိုမှာဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဖို့အတွက်လည်း သဘောတူညီထားပြီ လို့ ပြောပါတယ်။
ရုရှနိုင်ငံ ROSATOM နဲ့ မြန်မာနိုင်ငံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနတို့ဟာ ၂၀၁၅ ခုနှစ် ဇွန် ၁၈ ရက်က နျူကလီးယားစွမ်းအင် အသုံးချရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာလည်း လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနဲ့ ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့မှာ ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထုရဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်တွေ ရလာစေဖို့အတွက် နားလည်မှုစာချွန်လွှာ ၂ စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီးပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက် မနေ့ကလည်း နျူကလီးယား နည်းပညာ အသုံးချနယ်ပယ် ၁၄ ခုမှာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရှေ့ဆက်လုပ်မယ့်လုပ်ငန်းစဉ် သဘောတူညီချက်တခုကိုလည်း လက်မှတ်ထိုးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနနဲ့ ရုရှပိုင် ROSATOM တို့အကြား ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြန်မာစစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း (Rosatom )တို့အကြား နားလည်မှုစာချွန်လွှာတရပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံပိုင် နျူလီးယားကော်ပိုရေးရှင်း (Rosatom) ညွှန်ကြားရေးမှူးချုပ် အလက်စီ လီခါချော့ဖ်တို့ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ထိုးလိုက်တာဖြစ်ပြီး စာချုပ်မှာ ဘာတွေပါဝင်သလဲဆိုတာကိုတော့ သတင်းမှာ အသေးစိတ်ဖော်ပြထားတာမရှိပါဘူး။
တွေ့ဆုံရာမှာတော့ နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ နှစ်နိုင်ငံပြည်သူလူထု အကျိုး ရှိစေနိုင်မယ့် ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး သိပ္ပံနှင့် သုတေသန စမ်းသပ်တာ၊ ဆေးဝါးထုတ်လုပ်တာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍတွေမှာ အသုံးပြုဆောင်ရွက်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” သို့ သွားရောက်ပြီး ရုရှားနိုင်ငံသမ္မတရဲ့ နိုင်ငံတကာ အာကာသဆိုင်ရာ အထူးသံတမန်နဲ့ “Roscosmos”ရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒီမီထရီ ရာဂိုဇင်နဲ့ တွေ့ဆုံကာ သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ ဇူလိုင် ၁၁ ရက်က ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ အီဗန် ပါလျာကော့ ဦးဆောင်နဲ့အဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ ထုတ်ကုန်တွေ တင်ပို့နိုင်ရေး၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် နည်းပညာလိုအပ်ချက်တွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနဲ့ နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဇူလိုင် ၁၂ ရက်မှာတော့ စစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူ စေတီတော်ကြီးမှာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနဿရ၊ တိပိဋက ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသနဲ့ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံ၊ အထက်လွှတ်တော် ဒုဥက္ကဋ္ဌ ခွန်စတန်တင်ခိုဆာချဲ့ဗ်၊ ရုရှား ကာကွယ်ရေး ဒုဝန်ကြီး လက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်တို့လည်းတက်ရောက်ခဲ့သလို စစ်ကောင်စီဝင် မန်းငြိမ်းမောင်၊ စစ်ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသိန်းကျော်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနဲ့ စစ်ခေါင်းဆောင်ရဲ့ ဇနီးနဲ့အဖွဲ့ တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ရုရှားရောက် စစ်ကောင်စီတပ်က ပညာတော်သင် သင်တန်းသား အရာရှိတွေကိုလည်း စစ်ခေါင်းဆောင်က တွေ့ဆုံခဲ့ပြီး ရေခြား၊ မြေခြားမှာ ကာလရှည် သင်တန်းတက်ရောက်နေကြတဲ့ အရာရှိတွေဖြစ်လို့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို မှန်မှန်ကန်ကန် သိရှိရန်လိုအပ်မှာဖြစ်ကြောင်း ပါတီစုံဒီမိုကရေစီ စနစ် လျှောက်လှမ်းရေးကို ခိုင်ခိုင်မာမာဖြစ်စေရန် တပ်မတော်က ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းနဲ့ အာဏာသိမ်းရတဲ့ အကြောင်းရင်းတွေကို ဝါဒဖြန့် ရှင်းပြခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ်ရှုံးနိမ့်သွားပြီးနောက်မှာ လက်ရှိသမ္မတကို အပြစ်မရှိ ဖမ်းဆီးခဲ့ပြီး စစ်တပ်က မဲစာရင်းအကြောင်းပြ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်ကာ တရားမဝင် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို ဇူလိုင် ၁၀ ရက်က စတင်ပြီး ပုဂ္ဂလိက ခရီးစဉ်အဖြစ် ရောက်ရှိလာတာဖြစ်တယ်လို့ ရုရှားသတင်းတွေမှာ ရေးသားဖော်ပြပါတယ်။ အခုလို ရုရှားနိုင်ငံကို MAI အထူးလေယာဉ်နဲ့ ပုဂ္ဂလိက ခရီးစဉ်အဖြစ် လာရောက်တဲ့ခရီးစဉ်မှာ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ ဇနီးအပြင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဇနီးတွေကိုပါ ခေါ်ဆောင်လာတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ တာတာစတန်ပြည်နယ် သမ္မတ ရုစတန် နုဂါလိယယ်ဗစ်ချ် မင်နီခါ့နော့ဖ်နဲ့တွေ့ဆုံဖို့ ကာဇန်မြို့ကို ဆက်လက်သွားရောက် နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။
Photo- DSINFO