အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက အီရန်ရဲ့အနာဂတ်ဟာ ကမ္ဘာ့အင်အားကြီးတွေနဲ့ နျူကလီးယားဆွေးနွေးမှု အောင်မြင်ခြင်း မအောင်မြင်ခြင်းအပေါ် တည်မှီမနေသင့်ဘူးလို့ ပြောလိုက်ပါတယ်။
ခါမေနီက ၂၀၁၅ နျူကလီးယားဆွေးနွေးမှုတွေ ပြန်စတာ တိုးတက်မှုရှိပေမဲ့ တိုင်းပြည်က အဲဒီရလဒ်ကို စောင့်နေစရာမလိုဘူး၊ လုပ်စရာရှိတာ ဆက်လုပ်ကြလို့ အရာရှိတွေကို ပြောခဲ့တာပါ။ သူက “အနောက်အုပ်စုနဲ့ ဆွေးနွေးတာ ကောင်းချင်ကောင်းမယ်၊ ဆိုးချင်ဆိုးမယ်၊ အာရုံစိုက်မနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ” လို့ ပြောပါတယ်။
နောက် သူက “အီရန်ရဲ့ နျူကလီးယားဆွေးနွေးရေးအဖွဲ့တွေဟာ အမေရိကန်ရဲ့ အလွန်အကျူး တောင်းဆိုမှုတွေကို မလိုက်လျောပါနဲ့၊ အမေရိကန်ဟာ ဆွေးနွေးပွဲကတိတွေ အကြိမ်ကြိမ် ချိုးဖောက်လို့ သူတို့ လမ်းဆုံးကို ရောက်နေပြီ၊ အီရန်က အဲဒီအခြေအနေမဟုတ်ဘူး” လို့လည်း ပြောခဲ့တာပါ။
ယီမင်နိုင်ငံမှာ အီရန်နဲ့ ဆော်ဒီအာရေးဗျ တိုက်ပွဲတွေ ဖြစ်နေတာနဲ့ပတ်သက်လို့ ခါမေနီက “အောင်ပွဲရဖို့ အခွင့်အလမ်းမရှိဘဲ ဘာကြောင့် စစ်ပွဲဆင်နွှဲမလဲ၊ ယီမင်မှာ ဆော်ဒီတို့ အနိုင်ရမလား၊ လုံးဝ မနိုင်စေရပါဘူး၊ အောင်ပွဲရဖို့ နည်းလမ်းတွေရှာပါ” လို့ အီရန်အဆင့်မြင့်အရာရှိတွေကို ပြောပါတယ်။