အမေရိကန်ရေတပ်ရဲ့ နျူကလီးယားစွမ်းအင်သုံး စူပါသင်္ဘောကြီး USS ရော်နယ်လ်ရေဂင်နဲ့ သူ့ရဲ့တွဲဘက် တိုက်ခိုက်ရေးအဖွဲ့က သင်္ဘောတွေဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားရဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့ ဘူဆန်ရှိ ရေတပ်စခန်းတခုကို စက်တင်ဘာ ၂၃ ရက်က လာရောက် ဆိုက်ကပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားကို သတင်းစကားပါးဖို့ ရည်ရွယ်တဲ့ အင်အားပြမှုအနေနဲ့ တခြားစစ်သင်္ဘောတွေနဲ့ ပူးပေါင်းဖို့ စီစဉ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီခရီးစဉ်ကို စီစဉ်ထားတာ အတော်ကြာသွားပြီဖြစ်ပြီး တောင်ကိုရီးယား မဟာမိတ်တွေနဲ့ ဆက်ဆံရေး တည်ဆောက်ပြီးတော့ ရေတပ်တွေအကြား အပြန်အလှန် လုပ်ဆောင်နိုင်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း တိုက်ခိုက်ရေးအုပ်စုမှ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကလ် ဒေါ်နဲလီက သင်္ဘောပေါ်ရှိ သတင်းထောက်တွေကို ပြောကြားပါတယ်။
ဒါကြောင့် သံတမန်တွေကိုလည်း သတင်းစကားပါးမှာဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ ရေတပ်နဲ့ ကျွန်ုပ်တို့ရဲ့ အပြန်အလှန်ဆက်ဆံရေးဟာ ယုံကြည်စိတ်ချရတဲ့ တိုက်ခိုက်ရေးစွမ်းအားကို သေချာစေဖို့ နည်းဗျူဟာကျကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ကြောင်းလည်း ပြောပါတယ်။
ပြုံယမ်းဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုကို ပြန်စတင်ဖို့ ပြင်ဆင်နေပုံပေါ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ အမေရိကန်ရဲ့ စစ်စခန်းနေရာချမှုတွေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုနဲ့ ဝါရှင်တန်နဲ့ ဆိုးလ်တို့ရဲ့ ရန်လိုတဲ့ မူဝါဒတွေကို သက်သေဆိုပြီး ရှုတ်ချထားပါတယ်။